spot_img
16.7 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ကိုင်ရေးအတွက် ကုမ္ပဏီတွေက ကရင်နီဒုက္ခသည်စခန်းမှာ စိစစ်မှုပြုလုပ်

ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ကိုင်ရေးအတွက် ကုမ္ပဏီတွေက ကရင်နီဒုက္ခသည်စခန်းမှာ စိစစ်မှုပြုလုပ်

-

ကန္တာရဝတီတိုင်း (မ်)

ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ကိုင်ဖို့ ထိုင်းအစိုးရက ညွှန်ကြားပြီးနောက် နှစ်လအကြာမှာ ထိုင်းကုမ္ပဏီတွေက စခန်းအတွင်းကို လာရောက်စိစစ်မှုပြုလုပ်နေပြီလို့ ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းကော်မတီရဲ့ ဥက္ကဌ မော်မိုးဘူးက ပြောပါတယ်။

“အခုမှသူတို့စခေါ်နေတယ်ပေါ့နော။ ဆိုတော့ လာမဲ့ စနေမှ သူတို့စသွားမယ်ပေါ့။ ဒါပေမဲ့ကုမ္ပဏီကြီးကကျတော့ ပြီးခဲ့တဲ့ ရက်က ချင်းရိုင်းကပေါ့နော။ သူတို့လာစိစစ်ပြီလို့ပြောလို့ရတယ်ပေါ့။ ပြီးတော့ ဒီရက်က ဘန်ကောက်က ဆောက်လုပ်ရေးပဲ ဒါပေမဲ့ ကြွေပြားခင်းတဲ့ဟာပေါ့နော။ သူတို့လက်တွေ့လာစိစစ်နေတယ်ပေါ့နော။ ဒီရက်နဲ့မနက်ဖြန်ပေါ့။ ပြီးတော့မှ ဘယ်သူ‌‌အောင်၊ ဘယ်သူရှုံးပေါ့နော။ စာမေးပွဲဖြေသလိုမျိုးပဲ သူတို့စိစစ်ပြီးမှ မနက်ဖြန်အဖြေ‌ပေးမယ်ပေါ့” လို့ မော်မိုးဘူးက ပြောပါတယ်။

ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းမှာ ဘန်ကောက်မြို့က ကုမ္ပဏီနဲ့ ချင်းရိုင် မြို့က ကုမ္ပဏီတို့က လုပ်သားလာရောက်စစ်ဆေး ခေါ်ယူနေပြီဖြစ်ပြီး အဲ့ဒီ လုပ်သားတွေက ဒီလအတွင်းမှာ အလုပ်လုပ်ဖို့ သွားရတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ထိုင်း-ကရင်နယ်စပ် တာ့ခ်ခရိုင်အတွင်း မြန်မာဒုက္ခသည်စခန်းက ဒုက္ခသည်တွေဟာ အလုပ်ဝင်ရောက်နေကြပြီး လုပ်ငန်းခွင်အတွင်း အဆင်မပြေတာတွေ ကြုံနေရတာတွေကိုလည်း တွေ့ရတယ်လို့ ကရင်နီအမှတ် ၂ ဒုက္ခသည်စခန်းက စခန်းကော်မတီဝင်တစ်ဦးက ပြောပါတယ်။

ဒါ့ကြောင့် သက်ဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့အကြံပြုချက်အရ ဒုက္ခသည်စခန်းက လူထုတွေရဲ့ လုံခြုံရေးအတွက် စခန်းတွင်းတာဝန်ရှိသူတွေက လုပ်ငန်းခွင်ထဲကို သွားရောက်လေ့လာပြီးမှသာ လူထုတွေကို လုပ်ငန်းခွင်ဝင်ရောက်ခွင့်ပေးမယ်လို့ ကရင်နီအမှတ် ၂ ဒုက္ခသည်စခန်းရဲ့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

“စခန်းထဲက လူထုတွေသွားချင်တယ်ဆိုလို့ရှိရင် အရင်ဦးဆုံးသူတို့သွားရမဲ့နေရာ၊ လုပ်ရမဲ့အလုပ်အမျိုးအစား၊ သူတို့နေရမဲ့ ပုံစံ၊ သူတို့အတွက် လုံခြုံမှုနဲ့ အာမခံချက်ဘယ်လောက်ရှိတယ်ဆိုတာ အရင်ဆုံးသွားကြည့်ပြီးမှ ပေးသွားမယ်လို့ ဆုံးဖြတ်ထားတာတွေရှိတယ်”လို့ အဆိုပါ တာ၀န်ရှိသူက ဆိုပါတယ်။

ကရင်နီအမှတ် ၂ ဒုက္ခသည်စခန်းမှာလည်း ဘန်ကောက်မြို့က ကုမ္ပဏီတွေ လာရောက်တွေ့ဆုံတာရှိပေမဲ့ အဲဒီကုမ္ပဏီကနေ နေ့စားခ တစ်ရက် ဘတ်ငွေ ၃၅၀ သာရမှာဖြစ်ပြီး စားစရိတ်မပါတာကြောင့် အလုပ်သွားလုပ်ဖို့ လူထုတွေ ဝန်လေးနေကြတယ်လို့ သူ က ပြောပါတယ်။

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၊ တာ့ခ်ခရိုင်၊ ကန်ချနဘူရီခရိုင်၊ ရာချ်ဘူရီခရိုင်တို့မှာရှိတဲ့ မြန်မာနယ်စပ်ဒုက္ခသည်စခန်း ကိုးခုက အလုပ်လုပ်ကိုင်နိုင်တဲ့လူကို ခေါ်ယူမယ်လို့ ထိုင်းအစိုးရက သြဂုတ်လ ၂၅ ရက်နေ့မှာ အတည်ပြုပြီးနောက် တာ့ခ်ခရိုင်မှာရှိတဲ့ မြန်မာဒုက္ခသည် ၂၀၀ နီးပါးက လုပ်ငန်းခွင်ဝင်နေကြပြီလို့လည်း Myanmar Now သတင်းဌာနက ပြောထားပါတယ်။

မယ်ဟောင်ဆောင်ခရိုင်အတွင်းက ကရင်နီအမှတ် ၁ နဲ့ အမှတ် ၂ ဒုက္ခသည်စခန်းမှာ အလုပ်လုပ်ကိုင်နိုင်သူ ဦးရေ ၅၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ