ကန္တာရဝတီတိုင်း(မ်)
စစ်ကော်မရှင်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်တာတွေကြောင့် ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာလေးရွာက တောင်သူတွေ စိုက်ပျိုးထားတဲ့စပါးကို မရိတ်သိမ်းနိုင်တော့ပဲ ကျန်ရှိနေတဲ့အတွက် စားဝတ်နေရေးအတွက် စိုးရိမ်နေကြရတယ်လို့ တောင်သူတွေက ပြောပါတယ်။
“တောင်ယာသွားရင် လူအများကြီးသွားလည်း မသွားရဲကြတော့ဘူး။ တောင်ယာတခင်းဆို ၄-၅ ယောက်လောက်ပဲ သွားတယ်။ ဒရုန်းလာပြီဆို ထွက်ပြေးနေရတယ်။ ဒရုန်းမသွားတဲ့ နေရာ၊ လက်နက်ကြီးမပစ်တဲ့ နေရာလောက်ပဲ သွားကြတာပေါ့။ ဒီနောက်နားက တလျှောက်တော့ အကုန်လုံး ကျန်တယ်။ သွားလည်းမသွားရဲဘူး ဆိုတော့လေး။ တနှစ်စာအတွက်တော့ စားစရာမရှိတော့ဘူးပေါ့။” လို့ ဖရူဆိုမြို့နယ်က စပါးစိုက်တောင်သူတဦးက ပြောပါတယ်။
ဖရူဆိုဒေသခံတချို့နဲ့ စစ်ဘေးရှောင်တွေက စိုက်ပျိုးထားတဲ့စပါးတွေကို သွားရောက် မရိတ်သိမ်းရဲတော့ပဲ ကျန်ရှိနေတာကြောင့် လာမယ့်နှစ်အတွက် စားဝတ်နေရေးကို ပိုမိုစိုးရိမ်ပူပန် နေကြတာပါ။ မရိတ်သိမ်းနိုင်တော့တဲ့ တောင်ယာစပါးခင်းတွေလည်း တိရိစ္ဆာန်တွေ ဖျက်ဆီးလို့ ဆုံးရှုံးသွားရတာတွေရှိတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်က ဖရူဆိုမြို့အနီးနဲ့ လမ်းမကြီးဘေးရှိ ကျေးရွာအချို့တွေမှာ တပ်စွဲထားတဲ့အတွက် တောင်ယာခင်းထဲကို အသွားအလာပြုလုပ်ရင်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။ စပါးမရိတ်သိမ်းနိုင်တော့တာ ကျေးရွာလေးရွာက ဒေသခံလူထုနဲ့ စစ်ဘေးရှောင်တွေ ပါဝင်တယ်လို့ သိရပါတယ်။
“အများအားဖြင့်တော့ စစ်ရှောင်ကြရတာပေါ့။ အမြဲတမ်း သတိဝိရိယနဲ့ နေရမယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ ကျေးရွာလေးရွာလောက်တော့ ရှိမယ်။” လို့ စပါးမရိတ်သိမ်းနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာတော့ ဖရူဆိုနဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စပါး၊ မြေပဲ သိမ်းယူနေတဲ့ ဒေသခံနဲ့စစ်ဘေးရှောင်တွေကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်လို့ အရပ်သား ၈ ဦး ဒဏ်ရာရကာ ၃ ဦး သေဆုံးခဲ့ရပါတယ်။
ဖရူဆိုမြို့နယ် ၊ မာခရော်ရှေ့ကျေးရွာမှာရှိတဲ့ စစ်ကော်မရှင် တပ်သားတွေက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့ကစပြီး ထားလဲကျေးရွာဖက်ကို ဦးတည်ပြီး စစ်ရေးလှုပ်ရှားမှု ရှိလာတာကြောင့် ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီး တလျှောက်ကို အသုံးပြုသွားလာခြင်း မပြုလုပ်ဖို့ KNDF က အသိပေးထားပါတယ်။




