ကန္တာရဝတီတိုင်း (မ်)
စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကရင်နီပြည်က မဲဆန္ဒနယ်တွေကနေ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပါတီဝင်ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီတွေက မဲဆွယ်စည်းရုံးမှု မရှိသေးဘူးလို့ လွိုင်ကော်မြို့နဲ့ ဘောလခဲမြို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ရွေးကောက်ပွဲ အပိုင်း (၁) မှာပါဝင်မယ့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း ဒေသခံအများစုက ပြန်လည်နေထိုင်ကြပြီဖြစ်ပေမဲ့ ဘောလခဲမြို့အတွင်းမှာတော့ ဒေသခံ ၂၀၀ ဝန်းကျင်သာရှိနေတာပါ။ ဒါကြောင့် လက်ရှိမြို့နယ်အတွင်း ကျန်ရှိနေတဲ့ လူထုတွေရဲ့ အနေအထားအရ မဲဆွယ်စည်းရုံးရေးပြုလုပ်ဖို့ လိုအပ်မှာတောင် မဟုတ်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘောလခဲဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“မဲဆွယ်ကာလတော့ဟုတ်တယ်။ ဒါပေမယ့် ကျန်နေသေးတဲ့လူဦးရေနဲ့ အရွေးခံမယ့်မယ့် လူနဲ့က ဘာမှစည်းရုံးစရာကို မလိုတော့ဘူးထင်တယ်။ အရင်လိုအပြိုင်အဆိုင် အရွေးခံနေကြတာလည်း မဟုတ်ဘူးဆိုတော့လေ။ဘယ်သူက ဘယ်သူ့ကို မဲထည့်လိုက်တယ် ဆိုတာကအစ စိစစ်လို့ရနိုင်တဲ့အခြေအနေမလို့ ဘာမှမထူးခြားဘူးလို့ဘဲ ပြောချင်တယ်”လို့ ဘောလခဲဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
လတ်တလောမှာ စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့အတွက် စစ်ရှောင်လူထုတွေကို နေရပ်ပြန်နေထိုင်ကြဖို့ ဖိအားပေးနေတယ်လို့လည်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG ကပြောထားပါတယ်။
ဒေသခံဦးရေ နည်းပါးနေတဲ့ဘောလခဲမြို့အတွင်းမှာလည်း ရွေးကောက်ပွဲအတွက် အစိုးရဝန်ထမ်းတွေကို ရဟတ်ယာဥ်နဲ့ခေါ်ဆောင်လာနေတယ်လို့လည်း ဘောလခဲမြို့နေ ဒေသခံတစ်ဦးကပြောပါတယ်။
“ခုတလော လာနေတဲ့ရဟတ်ယာဉ်က Non CDM တွေ လာပို့တာရှိသလို လက်နက်ခဲယမ်းလာချတာလည်းရှိတယ်။ အတိအကျတော့မသိဘူး အကြမ်းဖျင်းဘဲသိတယ်။ ပြီးခဲ့တဲ့ ၁၀ လပိုင်းထဲကလာတာများတယ်/ ဒီလထဲတော့မလာသေးဘူး” လို့ သူက ပြောပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ အပိုင်း (၁) မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရေစီပါတီ၊ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တို့က ဝင်ရောက်ယှဥ်ပြိုင်ကြမှာဖြစ်ပြီး ကရင်နီပြည်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP) ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP ) နဲ့ ပြည်နယ်အခြေစိုက် ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP) တို့က မဲဆန္ဒနယ်အသီးသီးကနေ ဝင်ရောက်ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။




