ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်ကျောင်းသားများသမဂ္ဂ (KSSU) အဖွဲ့ဝင်တဦးဖြစ်တဲ့ လွိုင်ကော်နည်းပညာတက္ကသိုလ်
( TULSU) မှ စက်မှုအင်ဂျင်နီယာ ကျောင်းသားဟောင်း ကိုသက်မှူးအောင်ကို အကျင့်ပျက်သစ္စာဖောက်သူ အဖြစ် ကရင်နီပြည်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ကော်မတီက မနေ့က နိုဝင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ကိုသက်မှူးအောင်ဟာ စစ်ကော်မရှင် က ပြုလုပ်မယ့်အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မဲ့ ပြည်သူ့ပါတီ ( PP) မှာ လူငယ်ကိုယ်စားလှယ်တဦးအနေနဲ့ ပါဝင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်က ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲမှာ အခုလိုပါဝင်လုပ်ဆောင်နေတဲ့အပေါ် သပိတ်ကာလမှာကတည်းက အတူတူဆန့်ကျင်ခဲ့သူတဦး ဖြစ်သလို ၊ လွိုင်ကော်အကျဉ်းထောင်မှာလည်း အတူထောင်ကျခံခဲ့ဖူးသူ နိုင်ငံရေးအကျဉ်းသား တဦးက ကိုသက်မှူးအောင်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
“ဒီလိုမျိုး တော်လှန်ရေးရဲဘော် တယောက်ပေါ့နော်။ သပိတ်မှောက်ကာလကနေစ စစ်ကောင်စီကို လုံးဝ ဆန့်ကျင်တဲ့ ရဲဘော်တယောက်အနေနဲ့ အခုလို ရွေးကောက်ပွဲ ဝင်ပြိုင်တဲ့အချိန်မှာတော့ ပထမဆုံးအနေနဲ့ စိတ်မကောင်းဘူး။ ဒါဟာ သူ့ရဲ့လမ်းကို သူရွေးသွားတာ။ ဒါက ဘာကို သတိရစေလဲဆိုရင် ကျနော်တို့က အခုချိန်မှာ ကျနော်တို့ ရဲဘော်တွေက အများကြီး ကျသွားပြီ။ သပိတ်ကာလတွေမှာကော လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကိုရောက်လာတဲ့အချိန်မှာကော။ ဘာကြောင့်လဲဆိုရင် သူလည်း တောထဲမှာ ကျနော်တို့နဲ့ အတူတူနေခဲ့ကြတယ်လေနော်။ လူပေါင်းများစွာ အသက်ဆုံးရှုံးပြီးတော့ ဒီစစ်ကောင်စီ ပြုတ်ကျရေးကို တိုက်နေတဲ့အချိန်မှာ သူ့နေနဲ့ ဒီစစ်ကော်မရှင် ပြုလုပ်မယ့်ရွေးကောက်ပွဲမှာ ပါဝင်တာတော့ သူ့သူငယ်ချင်းအပေါ်မှာကော ပြည်သူတွေအပေါ် ပေးခဲ့တဲ့ ကတိတွေကော သူသစ္စာဖောက်လိုက်တာပေါ့နော်” လို့ အဆိုပါ နိုင်ငံရေးအကျဉ်းသားက ပြောပါတယ်။
ကိုသက်မှုးအောင်ဟာ ၂၀၂၁ ခုနှစ်က စစ်ကော်မရှင်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ပုဒ်မ – ၅၀၅ (က) နဲ့ လွိုင်ကော်အကျဉ်းထောင်မှာ ထောင်ဒဏ် (၃) နှစ် ကျခံခဲ့သူ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ လျော့ရက်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA)ရဲ့ အဖွဲ့ဝင် တဦးလည်း ဖြစ်ခဲ့ပါတယ်။
ကရင်နီပြည်ကျောင်းသားများသမဂ္ဂရဲ့ ကတိသစ္စာ ချိုးဖောက်ခြင်း၊ ညီညွတ်မှုပျက်စီးစေခြင်း သမဂ္ဂအဖွဲ့အား ယုံကြည်မှုထိခိုက်စေခြင်း စတဲ့ လုပ်ရပ်များကို KSSU အနေနဲ့ လက်မခံနိုင်ကြောင်းနဲ့ အခုလို အဖွဲ့အစည်းအပေါ် ကိုယ်ကျိုးရှာအမြတ်ထုတ်ခြင်းကို ကျူးလွန်ခဲ့တဲ့ ကရင်နီပြည်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုသက်မှူးအောင်ကို သစ္စာဖောက်သူအဖြစ် သတ်မှတ်လိုက်ကြောင်း ဖော်ပြထားပါတယ်။




