ကန္တာရဝတီတိုင်း(မ်)
မြန်မာနိုင်ငံတစ်ဝှမ်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်ကော်မရှင်ရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အမျိုးသမီး (၇၀) ဦးရှိပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးဖြစ်တယ်လို့ ဒီကနေ့ နိုဝင်ဘာ ၇ ရက်နေ့မှာ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ထားပါတယ်။
သေဆုံးသူ (၇၀) ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅၆ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၈ ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် ၅ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၁ ဦးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပဋိပက္ခကာလအတွင်း စစ်ကော်မရှင်ရဲ့ လုပ်ရပ်အမျိုးမျိုးတွေကြောင့် နေ့စဥ် ပြည်သူတွေ သေဆုံးကြတဲ့အပေါ် ကရင်နီပြည်က ဒေသခံအမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။
“တစ်လ တစ်လ သေဆုံးကြတာနဲ့ ပတ်သက်ရင် စိတ်မကောင်းတာကလွှဲပြီး မပြောတတ်တော့ဘူးလေ။ အမျိုးသမီး သေဆုံးတာမှ မဟုတ်ပါဘူး ပြည်သူအားလုံးပေါ့။ သေဆုံးစာရင်းတွေ သေဆုံးတဲ့ ဖြစ်စဥ်ကြည့်တိုင်း တကယ်တမ်းက သေဆုံးသင့်တဲ့အကြောင်းရင်း၊ အချိန်အခါလည်းမဟုတ်နေတော့ တကယ်စိတ်မကောင်းဘူး။”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။
အောက်တိုဘာလ အတွင်း သေဆုံးသူတွေထဲ အသက် ၁၈ နှစ်အောက် ကလေး ၁၄ ဦး ပါဝင်တယ်လို့ BWU က ဆိုပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ၆၇ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင်း ၅ ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် ၁ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၄ ဦး ၊ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကြောင့် ၄ ဦး စုစုပေါင်း (၈၀ ) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ ကရင်နီပြည်မှာလည်း အောက်တိုဘာလအတွင်း စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၆ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့(KnHRG) ရဲ့ ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။




