spot_img
24.2 C
Loikaw
Thursday 13, November 2025
spot_img
Homeသတင်းဖာလာစိုက်ခင်း ကြွက်ဖျက်လို့ ဖရူဆိုအနောက်ခြမ်းက တောင်သူတွေ အခက်တွေ့

ဖာလာစိုက်ခင်း ကြွက်ဖျက်လို့ ဖရူဆိုအနောက်ခြမ်းက တောင်သူတွေ အခက်တွေ့

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်း က တောင်သူတွေရဲ့ ဖာလာစိုက်ခင်း အများစုဟာ ကြွက်တွေရဲ့ ဖျက်ဆီးခံရတာကြောင့် တောင်သူတွေ အခက်တွေ့နေကြရတယ်လို့ ဖာလာစိုက် တောင်သူတွေက ပြောပါတယ်။

“အသီးမကောင်းဘူးလေ။ ရင့်တဲ့ဟာလည်း ကြွက်တွေ အကုန်စားတယ်။ ပြီးတော့ ဆက်ရင့်အောင် ထားမယ်ဆိုလည်း ကြွက်တွေအကုန်စားတော့ နုသေးတဲ့ဟာလည်း ပါပါခူးလိုက်ရတယ်။ အများအားဖြင့်တော့ နုသေးတယ်။ ရင့်တဲ့ဟာတွေက ကြွက်စား၊ ဆိုတော့ ခူးရမလို မခူးရမလို နဲ့ ခူးလိုက်ကြတာပေါ့။ နုနုနဲ့ ခူးလိုက်တော့ အလေးချိန်ပေါ့သွားတော့ အများကြီး မရဘူးပေါ့။ ရှုံးတာပေါ့။” လို့ ဖရူဆိုအနောက်ခြမ်းက ဖာလာစိုက်တောင်သူတဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းဒေသဟာ တောင်ပေါ်ကုန်းမြင့်ဒေသဖြစ်ပြီး ကျေးရွာဒေသခံတွေဟာ ဖာလာ၊ နနွင်း၊ ဝဥ၊ သစ်ကြံပိုးခေါက်၊ တစ်လုံးဥနဲ့ တောင်လုံးကျော်ဥ တွေကို စီးပွားဖြစ် စိုက်ပျိုးကြပါတယ်။

“တပိသာ ကို တသောင်းနှစ်ထောင်ဝန်းကျင်နဲ့ ရောင်းကြတယ်။ အရှုံးတော့ပေါ်တယ်။ ဝယ်တဲ့သူရှိတာနဲ့ ရောင်းလိုက်ကြတယ်။ မရောင်းလို့လည်း မရဘူးလေ။ စားဝတ်နေရေးအတွက် လိုပြီကော။ အဓိက ဆန်၊ ဆီ၊ ဆား ဝယ်စားဖို့အတွက် ရတဲ့နည်းနဲ့ ရောင်းလိုက်ကြရတာပဲ။ ဝယ်ပေးတဲ့သူ ရှိတယ်။ ဖောက်သည်ပုံစံပေါ့။ အဲ့ဒီကနေတဆင့် ရောင်းတယ်။ သူတို့က သွားပြန်ရောင်းပေါ့။” လို့ ဖရူဆိုအနောက်ခြမ်းက ဖာလာစိုက်တောင်သူတဦးက ပြောပါတယ်။

တော်ခူအုပ်စုအတွင်းက တောင်သူတွေဟာလည်း ဖာလာကို စီးပွားဖြစ်စိုက်ပျိုးကြတာရှိပေမယ့် ယခုနှစ်မှာတော့ ဖာလာထက် တောင်ယာစပါးကိုသာ အားထားစိုက်ပျိုးကြတယ်လို့ သိရပါတယ်။

“နှစ်တိုင်း စီးပွားဖြစ်အနေနဲ့တော့ သွားစိုက်ကြတယ်။ ဒါပေမယ့် ရွာနဲ့ ဝေးတော့ ဖာလာခြံကို အချိန်မပေးနိုင်တော့ဘူး ပေါင်းလိုက်ရာသီလည်း မသွားနိုင်ဘူး။ ကြွက်မကိုက်အောင်လည်း ခြံစောင့်ထားမှရတယ်။ အမြဲနေရမှာဆိုတော့ လက်လွှတ်လိုက်ကြတာ။” လို့ ပလဲလယ်ကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ဖာလာ(အခြောက်) ဈေးမှာ ၁ပိဿာ ၁၇၀၀၀ကျပ် အထိရှိခဲ့ပြီး ယခုနှစ်မှာတော့ ဖာလာအစိမ်း ၁ပိဿာ ၁၅၀၀ ကျပ်၊ အခြောက်၁ပိဿာ ၁၂၀၀၀ ကျပ် နဲ့ စျေးစဖွင့်ထားပြီး အဆိုပါ ဖာလာတွေကို အများအားဖြင့် တောင်ငူမြို့ဖက်ကို အဓိကထား တင်သွင်းရောင်းချတယ်လို့လည်း ဆိုပါတယ်။

ဖာလာပင်တွေဟာ နှစ်ရှည်စိုက်ပျိုးရတဲ့ အပင်ဖြစ်ပြီး ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာတော့ နှစ်စဉ် စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ