ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ လွိုင်နန်းဖမြို့နယ်အတွင်း ကကျေးရွာတွေမှာ ဘိန်းစိုက်ပျိုးမှု လုံးဝ မပြုလုပ်ကြဖို့နဲ့ တွေ့ ရှိပါက ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း လွိုင်နန်းဖ မြို့နယ် ၊ မြို့နယ် ပူးပေါင်း အုပ်ချုပ်ရေး ကော်မတီက နိုဝင်ဘာလ ၃ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဘိန်းစိုက်ပျိုးမှုကိုတားဆီး နိုင်ဖို့ အတွက် အတူတကွ ပူးပေါင်း လုပ်ဆောင်မှသာလျှင် နောက်လာမယ့် မျိုးဆက်သစ်တွေ မူးယစ်ဆေးနဲ့ ကင်းနိုင်မှာ ဖြစ်တယ်လို့ လွိုင်နန်းဖ မြို့နယ် ပူးပေါင်း အုပ်ချုပ်ရေးမှူး တာဝန်ရှိသူ တစ်ဦးက အခုလို ပြောပါတယ်။
“ကျနော်တို့ စာလည်း မထုတ်ဘူး ။ ဒီတိုင်းပဲ ဆက်လွတ်ထားမယ်ဆိုရင် ကျနော်တို့ မြို့နယ်မပြောနဲ့ ပြည်နယ် တခုလုံး ပျက်စီးသွားမယ်။ နောက်ပြီး မလိုလားအပ်တဲ့ ပြသာနာတွေလည်း တခုပြီးတခု ပေါ်လာတတ်တယ်။ အထူးသဖြင့် မျိုးဆက်သစ် လူငယ်တွေ၊ ဒီ (ဘိန်း) တွေနဲ့ ကင်းသွားဖို့ အတွက် ကျနော်တို့ လက်ရှိတာ ဝန်ရှိသူ တွေ အတူ တကွ ဝိုင်းဝန်းထိန်းသိမ်းမှသာလျှင် နောက်လာမယ့်သားသမီးတွေ ဒီဂိုဏ်းထဲကို ဝင်မရောက်နိုင်မှာ ဖြစ်တယ်”လို့ မြို့နယ် ပူးပေါင်းအုပ်ချုပ်ရေးမှူး တစ်ဦးကပြောပါတယ်။
ဘိန်းအစားထိုး တခြားသော သီးနှံတွေ ကို စိုက်ပျိုးနိုင်ဖို့ အတွက်လည်း လုပ်ဆောင်ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း သူက ဆိုပါတယ်။
ဘိန်းစိုက်ပျိုးရာမှာ အသုံးပြုတဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတ်တုဆေး အလွန်အကျွံ အသုံးပြုမှုကြောင့် တွင်းရေ၊ ချောင်းရေများ ညစ်ညှမ်းမှု ဖြစ်ပေါ်စေခြင်း ၊ကျွဲ ၊နွား တိရိစ္ဆာန်များ အန္တာရယ် ဖြစ်စေနိုင်ခြင်း ၊ မှုးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ရောင်းဝယ်ဖောင်းကားမှုကို တွန်းအားပေးသလို ဖြစ်စေခြင်း၊ လူနေမှု သဟဇတ ထိခိုက်လာခြင်းတို့ကို ဖြစ်ပေါ် စေတာကြောင့် ဒေသခံ ပြည်သူလူထုရဲ့ တောင်းဆိုချက်အရ အခုလို ထုတ်ပြန်ရခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။





