ကန္တာရဝတီတိုင်း (မ်)
စစ်ကော်မရှင် ထိန်းချုပ်နယ်မြေတွေမှာ လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ နဲ့ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ဝေဖန်နေသူတွေအပြင် ရွေးကောက်ပွဲလှုပ်ရှားရေးမှာ မပါဝင်တဲ့အနုပညာရှင်တွေကိုပါ ဖမ်းဆီးခေါ်ဆောင်တာ ဆက်တိုက် လုပ်ဆောင်လာပါတယ်။
နိုဝင်ဘာ ၆ ရက်နေ့မှာလည်း စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲအောင်မြင်ရေး ရိုက်ကူးရေးနဲ့ပတ်သက်ပြီး အကယ်ဒမီသရုပ်ဆောင် ဖွေးဖွေးနဲ့ အလင်းရောင်ကို စစ်ဆေးမေးမြန်းဖို့ စစ်ကော်မရှင်တပ်က ရှုတင်အထိ လာရောက်ခေါ်ဆောင်သွားခဲ့ပြီး စစ်ဆေးမှုအပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ မီဒီယာတွေမှာ ဖော်ပြကြပါတယ်။
ရွေးကောက်ပွဲ အကာအကွယ်ပေးရေး ဥပဒေ ပြဋ္ဌာန်းပြီးအချိန်ကစလို့ အောက်တိုဘာလအထိ ရွေးကောက်ပွဲ အကာအကွယ်ပေးရေး ဥပဒေအရ အရေးယူခံရသူ ၈၈ ဦးရှိကြောင်း စစ်ကော်မရှင်က ထုတ်ပြောထားပြီး နိုဝင်ဘာ ၃ ရက်နေ့မှာလည်း တိုင်းဒေသကြီး အသီးသီးက အရပ်သား ခုနှစ် ဦးကို ထပ်မံ ဖမ်းဆီးခဲ့ပါတယ်။
စစ်ကော်မရှင်ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကရင်နီပြည်က လွိုင်ကော်မြို့မှာလည်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ ပြောဆိုဝေဖန်တာတွေ မလုပ်ကြတာကို တွေ့ရတယ်လို့ မြို့နဲ့နီးစပ်တဲ့ကျေးရွာကနေ စစ်ဘေးရှောင်လာတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“မြို့ပေါ်မှာနေတဲ့လူတွေကို ကြည့်ရတာလည်း ကိုယ့်အိုးကိုယ့်အိမ်နဲ့မို့နေတယ်ဆိုတဲ့ပုံစံပေါ့။ သူတို့ (စစ်ကော်မရှင်) နဲ့ အရှုပ်အရှင်းမဖြစ်အောင်နေမယ် ဆိုတဲ့ပုံစံမျိုးပါပဲ။ ကိုယ့်နဲ့ခင်တဲ့သူတွေတော်တော်များများက ရွေးကောက်ပွဲကိစ္စနဲ့ဆို ဘာမှကို ရေးသားပြောဆိုတာတွေမရှိတာ။ ဒါပေမဲ့လည်း ဒါကမကောင်းပါဘူး။ သူတို့မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတာမရှိဘူးလေး” လို့ သူက ပြောပါတယ်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအထိ လူမှုကွန်ယက်တွေပေါ်မှာ စစ်ကော်မရှင်ကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ ရေးသားပြောဆိုမှုတွေကြောင့် ဖမ်းဆီးခံရသူ ၁၉၉၃ ဦးရှိခဲ့တယ်လို့လည်း Data For Myanmar က နိုဝင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီအထဲက ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ မကွေး၊ ရှမ်း စတဲ့ တိုင်းနဲ့ပြည်နယ် ၆ ခု မှာအဖမ်းအဆီးအများဆုံးရှိခဲ့ပြီး ဖမ်းဆီးခံရသူ စုစုပေါင်း ၁၅၇၃ ဦးရှိတယ်လို့ ဆိုပါတယ်။
ကရင်နီပြည်လွိုင်ကော်မြို့မှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့က ရွေးကောက်ပွဲ ပျက်ပြားစေရန်ရည်ရွယ်ပြီး နှောက်ယှက်ဟန့်တား ဖျက်ဆီးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အသက် ၁၈ နှစ်အောက် ကလေးအပါအ၀င် အမျိုးသား ၅ ဦး ဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။




