ကန္တာရဝတီတိုင်း(မ်)
နိုဝင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းကစလို့ ကျေးရွာရှိရာဖက်ကို သေနတ်ပစ်ခတ်သံတွေ နီးကပ်လာတာကြောင့် ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာခံနဲ့ စစ်ဘေးရှောင်တွေ စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။
“စိုးရိမ်တာက စိုးရိမ်တာပေါ့။ အသံကြားမှပဲ တိမ်းရှောင်ရတာမျိုးဆိုတော့ ပြီးတော့လည်း မိုးက ဆက်တိုက်ရွာတာလေးနော်။ စပါး၊ မြေပဲတွေလည်း ကျန်နေတယ် အဲ့ဒါ လုပ်ဖို့လည်း လိုနေတယ်။ လက်နက်ကြီးတွေ ဒရုန်းတွေ ကင်းထောက်တွေလည်း အရမ်းလာတယ်” လို့ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင် တဦးက ပြောပါတယ်။
စစ်ကော်မရှင်တပ်က ဘောလခဲမြို့နယ်ဘက်ကို ဦးတည်ပြီး မာခရော်ရှေ့၊ ထားလဲကျေးရွာဘက်ကို စစ်ကြောင်းလှုပ်ရှားမှုတွေရှိနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကော်မရှင်ဖက်က လေကြောင်းပစ်ကူ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ယခု နိုဝင်ဘာလဟာ စပါးရိတ်သိမ်းတာ၊ မြေပဲသိမ်းယူရမယ့် ကာလဖြစ်ပေမယ့် တိုက်ပွဲဖြစ်ပွားနေလို့ တောင်ယာခင်းတွေမှာ လက်နက်ကြီးကျရောက်တာ ၊ ဒရုန်းနဲ့ဗုံးကြဲတာလည်း ရှိနေတဲ့အတွက် တောင်ယာမရိတ်သိမ်းနိုင်ဘူးလို့ ဒေသခံတွေ က ပြောပါတယ်။
” အရင်ရက်တွေက ရွာပြင်နားမှာဆို နှစ်လုံးကျတယ်။ လေယာဥ်နဲ့ ဒရုန်းတွေတော့ ကြဲချတာမျိုး ရှိတယ်။” လို့ ဖရူဆိုမြို့နယ်က စစ်ဘေးရှောင်တဦးက ဆက်ပြောပါတယ်။
ဖရူဆိုမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တောင်ယာစိုက်ခင်းတွေမှာ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် သီးနှံရိတ်သိမ်းနေတဲ့ တောင်သူ ၃ ဦးသေဆုံးပြီး၊ ၈ ဦးအထိ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
စစ်ကော်မရှင်တပ်က စစ်ကြောင်းလှုပ်ရှားမှုတွေ ရှိနေတာကြောင့် ဖရူဆို – ထားလဲ – နန်းဖဲ လမ်းမကြီးအား သွားလာခြင်းမပြုလုပ်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက လူထုတွေကို အသိပေးထားပါတယ်။




