spot_img
18.3 C
Loikaw
Thursday 13, November 2025
spot_img
Homeသတင်းဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းမှာ စပါးဝယ်သူမရှိတာကြောင့် တောင်သူတွေအခက်တွေ့နေ

ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းမှာ စပါးဝယ်သူမရှိတာကြောင့် တောင်သူတွေအခက်တွေ့နေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ဖက်ခြမ်းမှာ တောင်သူတွေနဲ့ စစ်ရှောင်တွေ စိုက်ပျိုးရရှိလာတဲ့ စပါးတွေကို ဝယ်ယူသူမရှိဘူးလို့ တောင်သူတွေက ပြောပါတယ်။ စပါးစိုက်ပျိုးနိုင်ဖို့အတွက် ရင်းနှီးခဲ့ရတဲ့ အရင်းအနှီးတွေကို ပြန်ဆပ်နိုင်ဖို့အတွက် ရရှိလာတဲ့စပါးကို ပြန်လည်ရောင်းချလိုကြတာဖြစ်တယ်လို့ စပါးစိုက်တောင်သူ အမျိုးသားတဦးက အခုလို ပြောပါတယ်။

“ဘာကြောင့် ကျနော်တို့ စပါးတွေကို ရောင်းချင်လဲဆိုတော့ ဒီလယ်လုပ်တဲ့ဟာတွေ ကျနော်တို့ တောင်သူတွေက လယ်လုပ်ရင် ရင်းခဲ့ရတာပေါ့နော်။ ရင်းခဲ့ရတော့ အရင်းအနှီးလည်း တော်တော်ကုန်တယ်။ ထွန်ခ၊ ထယ်ခ အကုန်လုံး ဒီမြေသြဇာဖိုးတွေ စျေးဖိုးတွေ အဲ့လိုမျိုးတွေ အလုပ်သမားခတွေ ကျနော်တို့ ပြန်ဆပ်ချင်လို့ အဲ့ဟာတွေနဲ့။ ကျနော်တို့ ရောင်းချင်တာ ဖြစ်တယ်”လို့ စပါးစိုက်တောင်သူ အမျိုးသားတဦးက ပြောပါတယ်။

စစ်ကော်မရှင်တပ်က ဒီးမော့ဆို – ဖရူဆို လမ်းမကြီးတလျှောက် စစ်ကြောင်းတွေ ထိုးနေတာတွေကြောင့် လမ်းခရီးတွေ ပိတ်ဆို့ကုန်တဲ့အပြင် စပါးစျေးမကောင်းတာတွေကြောင့် မဝယ်ယူနိုင်တော့တာ ဖြစ်တယ်လို့ ဆန်စပါးရောင်းဝယ်သူတဦးက အခုလို ပြောပါတယ်။

“ပထမ တချက်က လမ်းခရီးကြောင့် လမ်းတွေက ပိတ်ကုန်ပြီကော။ လမ်းခရီးက ပိတ်ကုန်ပြီ။ ဒုတိယတခုက အခုစပါးစျေးပေါ့။ အခုပေါက်စျေး သူတို့ပြောတာ တထောင့်ရှစ်ရာ ၊ နှစ်ထောင် လားပဲ” လို့ ဆန်စပါးရောင်းဝယ်သူတဦးက သူမဝယ်ယူနိုင်တော့တဲ့အကြောင်းကို ပြောပြပါတယ်။

တောင်သူတွေဟာ စိုက်ပျိုးရရှိလာတဲ့ စပါးတွေကိုသာ ရောင်းမထုတ်နိုင်ခဲ့ရင် ရင်းနှီးထားခဲ့တဲ့ အကြွေးတွေကို ပြန်ဆပ်နိုင်ဖို့ အခက်အခဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စပါးရိတ်သိမ်းချိန်မှာ စစ်ကြောင်းထိုးလာတာတွေ ၊ လက်နက်ကြီးတွေ၊ ဒရုန်းနဲ့ ပစ်ခတ်တာတွေ ရှိနေတာကြောင့် စပါးတွေအကုန်လုံးကို မရိတ်သိမ်းနိုင်ပဲ ထားခဲ့ရတာတွေလည်း ရှိတယ်လို့ အဆိုပါစပါးစိုက် တောင်သူ အမျိုးသားတဦးက အခုလို ဆက်ပြောပါတယ်။

“ ကျနော်တို့ တောင်သူတွေက စပါးနဲ့ပတ်သက်ပြီးတော့လေး ဒီရိတ်သိမ်းနိုင်ခဲ့တဲ့ဟာလည်း ရိတ်သိမ်းနိုင်ခဲ့တယ်။ ဒါပေမယ့် ကျန်နေသေးတဲ့ မရိတ်သိမ်းနိုင်သေးတဲ့ဟာလည်း ကျန်နေခဲ့တာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ဒီစစ်ကြောင်းထိုးလာတာတို့ ၊ ဒရုန်းနဲ့လာပစ်ချတာတို့၊ ဒီလက်နက်ကြီးထုလာတာမျိုးတို့ ရှိတာပေါ့နော်။ အခုချိန်ထိ အဲ့လိုမျိုးရှိတော့ ကျနော်တို့ အကုန်လုံးတော့ မရိတ်သိမ်းနိုင်ခဲ့ဘူး” လို့ အဆိုပါ တောင်သူအမျိုးသားက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာတော့ ထီးဖိုးကလိုးကျေးရွာအုပ်စုနဲ့ ဒေါ်ကလော်ဒူကျေးရွာအုပ်စုဟာ ဆန်စပါး အထွက်နှုန်းအများဆုံးအုပ်စု ဖြစ်ပါတယ်။ အခုလို စပါးဝယ်သူတွေ မရှိတာကြောင့် ရရှိလာတဲ့ ဆန်စပါးတွေကို သိုလှောင်ထားနိုင်ဖို့ ကြိုးစားကြပေမယ့်လည်း တိုက်ပွဲပြန်လည်ဖြစ်ပွားနေတာကြောင့် ထပ်ဆင့်တိမ်းရှောင်ကြရမှာကိုလည်း ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေက စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ