ကန္တရဝတီတိုင်း(မ်)
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အရှေ့ဖက်ခြမ်းရှိ စာသင်ကျောင်းတကျောင်းမှာ ပညာသင်ကြားနေကြတဲ့ ကလေးငယ်တွေ ရာသီကူးပြောင်းကာလမှာ (၆၀) ရာခိုင်နှုန်းလောက် ဖျားနာမှုရှိနေပြီး ကျောင်းကို တပတ်ကျော် ပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။
ကျောင်းတက်နေတဲ့ ကလေးငယ်တွေရဲ့ ဖျားနာမှု အခြေအနေနဲ့ ပတ်သက်ပြီး ကျောင်းအုပ်ဆရာမကြီး တဦးက အခုလို ပြောပါတယ်။
“သူတို့ဖျားတဲ့အခါမှာလေး။ တပြိုင်နက် အကုန်လုံးဖျားတာမဟုတ်ပဲနဲ့ တယောက်တလှည့်စီ ၊ ဖျားနေကြတယ်ပေါ့နော်။ ဖျားနာမှုနှုန်းကတော့ ၆၀ ရာနှုန်းလောက်ထိ ရှိလောက်မယ်လို့ ခန့်မှန်းရတယ်ပေါ့နော်” လို့ ကျောင်းအုပ်ဆရာမကြီး က ပြောပါတယ်။
ဖျားနာတဲ့ လက္ခဏာတွေက ကိုယ်ပူတာ ၊ နှာစီးချောင်းဆိုးတာတွေ အဖြစ်များပြီး မျက်စိနာတာ၊ ကိုက်ခဲတာတွေလည်း ဖြစ်ပွားနေကြတယ်လို့ သိရပါတယ်။
စာသင်ကျောင်းမှာ အရေးပေါ် ဆေးတွေ ထားရှိပေမယ့် စုံစုံလင်လင် မရှိတဲ့အတွက် ကလေးတွေကို အိမ်ပြန်ပို့ပေးတာတွေ၊ ဆေးခန်းလိုက်ပို့ပေးတာတွေ ရှိတယ်လို့ ကျောင်းအုပ်ဆရာမကြီးက အခုလို ဆက်ပြောပါတယ်။
“ကျမတို့ကျောင်းမှာ ဆေးပုံး တပုံးတော့ရှိတယ်။ ဒါပေမယ့် ဆေးပစ္စည်းတော့ မစုံဘူးပေါ့နော်။ ရှိတာလေးနဲ့ပဲ ကျမတို့က ဆေးတိုက်ပြီးတော့မှ အိမ်ကိုပြန်ပို့ပေးပါတယ်ပေါ့နော်” လို့ ကျောင်းအုပ်ဆရာမကြီး က ဆက်ပြောပါတယ်။
အခုလက်ရှိမှာတော့ ကျောင်းကို ပြန်လည်ဖွင့်လှစ်နေပေမယ့်လည်း ဖျားနာနေတဲ့သူတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။ အဆိုပါ စာသင်ကျောင်းမှာတော့ KG ကနေ Grade 12 အထိ ဖွင့်လှစ်ထားပြီး ကျောင်းသား / သူ များ အပါအဝင် ဆရာ/မ ဦးရေ ၃၅၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။
စာသင်ကျောင်းတွေကို စစ်ကော်မရှင်တပ်က မကြာခဏ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတဲ့အတွက် ကျေးရွာအတွင်းမှာ ဖွင့်လှစ်ထားခြင်းမရှိပဲ တောတောင်ထဲမှာပဲ သွားရောက်သင်ကြားနေကြရတာ ဖြစ်ပါတယ်။ အခုလို တောတောင်ထဲမှာ သင်ကြားနေကြရတဲ့အတွက်လည်း ဆေးဝါး၊ အမိုးအကာတွေအပါအဝင် သင်ထောက်ကူပစ္စည်းတွေလည်း လိုအပ်ချက်တွေ ရှိနေတယ်လို့ သိရပါတယ်။




