ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်မှာ အခြေစိုက်ထားတဲ့ နေပြည်တော် PDF ရဲ့ စစ်ထောက်ချုပ်ဖြစ်တဲ့ ဗိုလ်ဓူဝံကို လက်ရှိ ကရင်နီပြည် KSP အမှတ်(၉) ရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေ နဲ့ အမှုဖွင့် စစ်ဆေးဆောင်ရွက်နေတယ်လို့ ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) ရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“အဲ့ကိစ္စနဲ့ပက်သက်ပြီး ကရင်နီပြည်ရဲဌာန၊ အမှတ် (၉)စခန်း (ပ)အမှတ် -၃၇/၂၀၂၅၊ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၂၉၄/၃၂၃/၅၀၆ နဲ့ အမှုဖွင့်ပြီး စစ်ဆေး ဆောင်ရွက်နေပါတယ်။”လို့ ကိုဘိုဘိုက ဆိုပါတယ်။
ပုဒ်မ ၂၉၄ ဟာ ညစ်ညမ်းစွာ ဆဲဆိုမှု၊ ပုဒ်မ ၃၂၃ ဟာ အခြားသူကို အလိုအလျောက် နာကျင်စေတဲ့ ပြစ်ဒဏ် နဲ့ ပုဒ်မ ၂၉၄ ကတော့ ရာဇဝတ်မကင်းပဲခြောက်လှန့်မှု အတွက် ပြစ်ဒဏ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
ဗိုလ်ဓူဝံဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ မသန္တာအောင် ဆိုသူ အမျိုးသမီးတစ်ဦးအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်တာ၊ လက်နက်နဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး အဆိုပါ ကာယကံရှင် အမျိုးသမီးက တိုင်ချက်ဖွင့်ထားတာပါ။
အဆိုပါ ကျူးလွန်မှုတွေအပေါ် ပြန်လည်အရေးယူပေးဖို့ကိုလည်း ကျူးလွန်ခံရတဲ့ အမျိုးသမီးက အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) ၊ ကရင်နီပြည်ရဲတပ်ဖွဲ့ ( KSP ) ၊ ကရင်ပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) ၊ ကရင်နီ တပ်ပေါင်းစု စစ်ဦးစီးအဖွဲ့၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး ( ကလလတ )၊ အပြင် အမျိုးသမီးလှုပ်ရှားတဲ့ အဖွဲ့တွေဖြစ်တဲ့ ကရင်နီအမျိုးသမီးအစည်းအရုံး၊ IECရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာနကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ တိုင်ကြားစာ ပေးပို့ထားခဲ့ပါတယ်။
တိုင်ကြားစာပေးပို့ ပြီးတဲ့နောက် KSP ရဲ့ ဆောင်ရွက်မှုအခြေအနေကိုတော့ ကိုဘိုဘိုက အခုလို ဆက်ပြောပါတယ်။
“အခုက အမှုကို သက်သေစုဆောင်း အမှုတည်ဆောက်နေပါတယ်။ ပြီးရင်တော့ တရားစီရင်ရေးက တရားရုံးမှာ တရားစွဲတင် သွားမှာဖြစ်ပါတယ်။ ပုံမှန်လုပ်ဆောင်ချက် လုပ်ငန်းစဉ်အတိုင်းပဲ လုပ်သွားမှာပါ။”လို့ ကိုဘိုဘိုက ဆိုပါတယ်။
ဗိုလ်ဓူဝံဟာ လက်နက်ကိုင်တပ်ဖွဲ့ဝင် အကြီးအကဲတစ်ဦး ဖြစ်တာကြောင့်လည်း စိုးရိမ်မှုတွေရှိသလို စိတ်ဒဏ်ရာရရှိနေကြောင်း နဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်ခံရသူ တစ်ယောက်အနေနဲ့ ထိုက်သင့်တဲ့ အပြစ်ကို ခံစားစေချင်တယ်လို့လည်း ကျူးလွန်ခံရသူ မသန္တာအောင်က ပြောဆိုထားပါတယ်။
ရာဇဝတ်မကင်းတဲ့ ခြောက်လှန့်မှုကို ကျူးလွန်ကြောင်းထင်ရှားပါက ထောင်ဒဏ် နှစ်နှစ် ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ခုလုံး ဖြစ်စေ ချမှတ်ခံရမှာ ဖြစ်ပြီး အလိုလျောက်နာကျင်စေတဲ့ ပြစ်ဒဏ်ကတော့ ထောင်ဒဏ်တစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်အပြင် ငွေဒဏ်ပါ နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမှာဖြစ်တယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် ညစ်ညမ်းတဲ့ အပြုအမူ ကျူးလွန်သူတွေက ၃လအထိ ထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမှာ ဖြစ်တယ်လို့လည်း ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) ထံကနေ သိရပါတယ်။




