ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဖက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်တစ်ခုမှာ ယခုလ ဒုတိယအပတ်မှာပဲ ရေရှားပါးမှု ပြဿနာကို ယခင်နှစ်ထက် စောစီးစွာကြုံတွေ့နေကြရပြီး စစ်ရေးအခြေအနေကြောင့် လမ်းပိတ်ထားတဲ့အတွက် သန့်ရှင်းတဲ့ သောက်သုံးရေကို သယ်ယူနိုင်ဖို့ အခက်တွေ့နေကြတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
“အရင်နှစ်ဆို ထီးပေါ်ကူးရေကန်အထိ သွားသယ်ကြတာပေါ့၊ အခုနှစ်က လမ်းပိတ်တယ်ဆိုတော့ သယ်စရာနေရာ မရှိဘူး၊ နှစ်လပိုင်း သုံးလပိုင်းကျရင် ပိုဆိုးမှာပေါ့၊ အရှေ့ဖက် သွားသယ်လည်း လမ်းမရှိဘူး” လို့ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောပါတယ်။
ဖရူဆိုမြို့နယ်အရှေ့ခြမ်းက ဒေသခံတွေနဲ့ စစ်ရှောင်တွေဟာ နှစ်စဉ်နွေရာသီမှာ ရေရှားပါးတဲ့ ပြဿနာနဲ့ ကြုံတွေ့နေကြရတာပါ။ ယခု ဒီဇင်ဘာလဒုတိယအပတ်ထဲမှာပဲ သောက်သုံးရေ အရင်းအမြစ်တွေ စတင် ခမ်းခြောက်နေပြီလို့ နောက်ထပ် စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
“ဒေသခံနဲ့ စစ်ဘေးရှောင်သုံးတဲ့ ရေကန်က စတင်ခမ်းလာတယ်၊ ရေက နည်းနည်းပဲ ကျန်တယ်။ ပြီးတော့ သုံးလို့လည်း မရတော့ဘူး၊ ရေထွက်တဲ့ နေရာတစ်ခု ရှိသေးတယ်၊ ဒါပေမယ့် ပုံးနဲ့ပဲ ခပ်သယ်ရတာပေါ့၊ စက်နဲ့သယ်ဖို့ ပိတ်ထားတာ။”လို့ အဆိုပါ စစ်ဘေးရှောင် အမျိုးသားက ပြောပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင်အပါအဝင် ကျေးရွာခံအများစုဟာ ရေနီကန်က ရေနီကိုသာ သုံးစွဲနေကြရဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ရေရှားပါးမှုကို စတင်ကြုံတွေ့နေရတဲ့ ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှာတော့ အိမ်ခြေ ၁၄၀ ကျော်ရှိပြီး၊ လူဦးရေ ၅၀၀ ကျော်ရှိနေပါတယ်။
ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၈ ရွာက လူဦးရေ တစ်သောင်းခွဲဟာ နွေရာသီမှာ နှစ်စဥ် ရေရှားပါးမှု ပြသနာနဲ့ ကြုံတွေ့နေရပါတယ်။




