ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်တနေရာမှာ ကရင်နီပြည်က တော်လှန်ရေးတပ်ဖွဲ့တချို့ စုပေါင်းပြီး စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လှုပ်ရှားမှုကမ်ပိန်း ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) ၊ အမှတ် (၆၂၆) တပ်ဖွဲ့ဆီကနေ သိရပါတယ်။
စစ်ကော်မရှင် ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ လှုပ်ရှားမှုကမ်ပိန်း ပြုလုပ်ခဲ့တဲ့ ရည်ရွယ်ချက်ကိုတော့ ကလလတ အမှတ်(၆၂၆) ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို အခုလိုပြောပါတယ်။
“ရည်ရွက်ချက်ကတော့ ကျနော်တို့တပ်ပေါင်းစုံတွေအနေနဲ့ ရှေ့တန်းမှာ Hardpower အနေနဲ့လည်း မားမားမတ်မတ်ရပ်တည်မှာဖြစ်သလို နောက်မှာလည်းလူထုတွေရဲ့တောင်းဆိုတဲ့ ကိစ္စတွေကို softpower အားဖြင့် ပြသတာ ၊ အကြမ်းဖက်စစ်တပ်တွေကို Power နှစ်ခုလုံးနဲ့ တွန်းလှန်တာ ကျနော်တို့ ကရင်နီက တပ်တွေ၊ ဘက်တံဆိပ်တွေ အလံတွေကွဲပြားသည့်တိုင်အောင် အကြမ်းဖက်ဆန့်ကျင်ရေးကို အလုပ်ဖြစ်အောင်လုပ်နိုင်ကြကြောင်း စုစည်းမှုအားပြသတဲ့ ပြယုဒ်ဖော်ပြခြင်း ဆိုတဲ့ ရည်ရွယ်ချက်တွေကြောင့်ပါ။”လို့ ကလလတ အမှတ်(၆၂၆) ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
လှုပ်ရှားမှုကိုတော့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၊ ရှမ်း-ကယားစစ်တိုင်း တပ်ရင်းအမှတ်(၁၁၀၉)၊ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုမြို့နယ်(DMO Local PDF)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) နဲ့ ကယန်းအမျိုးသားတပ်မတော်(KNA) တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။
ဒါ့အပြင် သက်ဆိုင်ရာ တပ်ရင်းတာဝန်ခံတွေကနေ ရွေးကောက်ပွဲဆန့်ကျင်ကြောင်း အမှာစကားပြောကြားတာ၊ ကြွေးကြော်သံတွေ ဟစ်ကြွေးတာ၊ လှုပ်ရှားမှုပုံရိပ်နဲ့ သရုပ်ပြမှတ်တမ်းဓာတ်ပုံ ရိုက်ကူးတာ စတဲ့ လှုပ်ရှားမှုတွေလည်း ဆောင်ရွက်ခဲ့တယ်လို့ တပ်ဖွဲ့ဆီကနေ သိရပါတယ်။
စစ်ကော်မရှင် ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်သမျှအကြောင်းအရာ၊ ပါဝင်ပတ်သက်တဲ့သူ မှန်သမျှကိုလည်း လူထုသစ္စာဖောက်အဖြစ် သတ်မှတ်သလို ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့လည်း စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ရရာနည်းမျိုးစုံ နဲ့ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။
လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင် ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း ( ၁ ) မှာ ကရင်နီပြည်က လွိုင်ကော်မြို့ နဲ့ ဘောလခဲမြို့နယ် ပါဝင်ပါတယ်။




