ကန္တာရဝတီတိုင်း ( မ် )
ရွေးကောက်ပွဲကျင်းပဖို့ နီးလာတဲ့အချိန်မှာ စစ်ကော်မရှင်က ကရင်နီပြည်၊ လွိုင်ကော်မြို့အတွင်းကို တင့်ကားတွေ ၊ စစ်ဘက်သုံးကားတွေ အသုံးပြုပြီး လုံခြုံရေးယူနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီကနေ့ (ဒီဇင်ဘာလ ၂၆ ရက်နေ့) မှာလည်း တင့်ကား နဲ့ စစ်ကား အစီးရေ ၁၀ ဝန်းကျင်ပါဝင်တဲ့ လုံခြုံရေးကားတွေအသုံးပြုပြီး လှည့်လည်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ကျည်ကာကား ၊ တင့်ကားလိုမျိုးပေါ့ ၊ ကျန်တဲ့ကားက ၈ စီး လောက်ရှိမယ်။ လေးဘီးကားတွေကောပေါ့။ ကားတစီးမှာ ပျှမ်းမျှ ၆ ယောက်လောက်ရှိမယ် သေနတ်တွေ ၊ လက်နက်အပြည့်အစုံ နဲ့ ကိုင်ထားတာပေါ့။” လို့ မြို့ခံတဦးက ပြောပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပတော့မယ့် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အပိုင်း ( ၁ ) မှာ ကရင်နီပြည်က လွိုင်ကော်မြို့နယ်နဲ့ ဘောလခဲမြို့နယ်တွေ ပါဝင်ပါတယ်။
လွိုင်ကော်မြို့မှာ အခုလို လုံခြုံရေးအင်အားအပြည့်နဲ့ လှည့်လည်နေတာကို ဒီဇင်ဘာလအတွင်း မကြာခဏ တွေ့မြင်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ မြို့တွင်းမှာ လုံခြုံရေး ပိုမိုတင်းကြပ်လာပြီး ညဖက်ပိုင်းမှာလည်း အသွားအလာကန့်သတ်ထားပြီး စစ်ဆေးမှုတွေ ရှိတယ်လို့ ဆိုပါတယ်။
“ ဒီနေ့ အချိန်ကတော့ ၁၁ နာရီဝန်းကျင်လောက်မှာ တွေ့ရတာပေါ့။ ကားသွားတဲ့ လမ်းကြောင်းက လောပိတ သွားတဲ့လမ်းဖက်ကနေ ဧက ၅၀၀ ၊ နမ့်ဘော်ဝမ် ၊ ကြည်သာယာဖက်ကနေ ပတ်ပြီးတော့မှ မြို့ထဲကို သွားတယ်လို့ ယူဆရတာပေါ့။” လို့ နောက်ထပ် မြို့ခံ တဦးက ပြောပါတယ်။
စစ်ကော်မရှင် အုပ်ချုပ်ရေးအောက်က လွိုင်ကော်မြို့နေ လူထုတွေဟာ ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိပေမယ့် ရွေးကောက်ပွဲ ကျင်းပမယ့် ရက်မှာ မဖြစ်မနေ မိမိတို့ နေထိုင်တဲ့ ရပ်ကွက်အလိုက် မဲပုံးရှိရာမှာ သွားရောက် မဲထည့်ရမယ်လို့ သူက ပြောပါတယ်။
ရွေးကောက်ပွဲ အပိုင်း ( ၁ ) မှာ ပါဝင်တဲ့ လွိုင်ကော်မြို့နယ်ထဲက တီးလုံ နဲ့ ပါလောင်း ကျေးရွာအုပ်စုက လွဲပြီး မြို့ပေါ်ရပ်ကွက်အားလုံး နဲ့ ကျေးရွာအုပ်စုတွေမှာ ရွေးကောက်ပွဲ ပြုလုပ်မယ်လို့ UEC က ကြေညာထားပါတယ်။ တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ကရင်နီပြည်ရဲ့ မဲဆန္ဒနယ်အသီးသီးမှာ ပါတီ ၄ ခု နဲ့ တစ်သီးပုဂ္ဂလ အပါအဝင် ကိုယ်စားလှယ်လောင်း(၈၇) ဦးက ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။




