spot_img
15.9 C
Loikaw
Friday 2, January 2026
spot_img
Home၂၀၂၅ ရွေးကောက်ပွဲရွေးကောက်ပွဲအတွက် ပြည်ပ ၆ နိုင်ငံက စောင့်ကြည့်လေ့လာရေးအဖွဲ့ မြန်မာကို ရောက်ရှိလာ

ရွေးကောက်ပွဲအတွက် ပြည်ပ ၆ နိုင်ငံက စောင့်ကြည့်လေ့လာရေးအဖွဲ့ မြန်မာကို ရောက်ရှိလာ

-

ကန္တာရဝတီတိုင်း (မ်)

ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံ စတဲ့ ပြည်ပနိုင်ငံ ၆ နိုင်ငံက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေ ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာကြတယ်လို့ စစ်ကော်မရှင်ပိုင် မီဒီယာတွေမှာ ဖော်ပြပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း (၁) ကို မနက်ဖြန် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပပြုလုပ်တော့မှာပါ။ ရွေးကောက်ပွဲ အပိုင်း (၁) ထဲ ကရင်နီပြည်က စစ်ကော်မရှင် ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ လွိုင်ကော်မြို့နဲ့ ဘောလခဲမြို့တို့မှာလည်း ကျင်းပသွားမှာပါ။

စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲက လူထုတွေရဲ့ အသံကို ကိုယ်စားပြုတာ မဟုတ်တာကြောင့် တရားမျှတမှု မရှိဘူးလို့ ဘောလခဲ ဒေသခံဖြစ်တဲ့ ကိုအောင်သိုက်က အခုလိုပြောပါတယ်။

“လူဦးရေက ရှိတာ ၁၀၀ လောက်နဲ့ ဘယ်လိုရွေးကောက်ပွဲ လုပ်လို့ အဆင်ပြေမလဲ။ ဘာဖြစ်လို့လဲ ဆိုရင် စစ်တပ်တွေပဲ ပိုများတာပေါ့။ စစ်ကောင်စီဖက်က ပိုများတယ်။ ပြည်သူလူထုဖက်က ၁၀၀ လောက်ပဲ ရှိတယ်ဆိုရင် တရားလားပေါ့။ မေးကြည့်ချင်တယ်။ ပြည်သူက နဲဲနဲလေးနဲ့ စစ်ကောင်စီလူက ပိုများတယ်ဆိုတော့ သူတို့လိုချင်တဲ့မဲက ဘာမဲလဲပေါ့နော။ ဘာမဲလဲဆိုတာက လူထုတွေရဲ့ မဲကိုလိုချင်တာလား။ ဒါမှမဟုတ် သူတို့စစ်တပ်ရဲ့ မဲပဲ လိုချင်တာလားပေါ့။ စစ်ကောင်စီမဲပဲလိုချင်တာလား အဲလိုမျိုးမေးချင်တယ်ပေါ့နော။ မဖြစ်နိုင်ဘူးပေါ့ သဘောမကျဘူးပေါ့။ သူတို့လုပ်နေတဲ့ ရွေးကောက်ပွဲ တစ်ခုကို လုံးဝသဘောမကျဘူးပေါ့” လို့ သူက ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီကို ထောက်ခံအားပေးတဲ့ ဘောလခဲမြို့ကနေ စစ်ဘေးတိမ်းရှောင်နေတဲ့ ဦးမောင်ပလယ်ကတော့ ရွေးကောက်ပွဲကနေ စစ်မှန်တဲ့ တိုင်းပြည်အပြောင်းအလဲကို ဖော်ဆောင်ပေးဖို့ လိုလားတယ်လို့ အခုလိုပြောပါတယ်။

“ဒီရွေးကောက်ပွဲ ပြီး‌မြောက်ပြီးပြီ ဆိုရင် အာဏာရတဲ့သူနဲ့ ကိုယ့်တိုင်းပြည် ကောင်းကျိုးကို လုပ်ပေးမယ်ဆိုလို့ရှိရင် ကျနော်တို့ ပိုပြီးလိုလားတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

ရွေးကောက်ပွဲ အပိုင်း (၁) ပြီးဆုံးပါက အပိုင်း (၂) အတွက် မဲဆွယ်စည်းရုံးရေးကို ပါတီကိုယ်စားလှယ်လောင်းတွေက ဆက်လက် လုပ်ဆောင်သွားကြမှာဖြစ်ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ရွေးကောက်ပွဲ အပိုင်း (၂) ကို ကျင်းပသွားမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ အပိုင်း (၂) အတွက် မြို့နယ်ပေါင်း ၁၀၀ မြို့နယ်မှာ ကျင်းပသွားမှာဖြစ်ပြီး ကရင်နီပြည်က စစ်ရေးပဋိပက္ခ ဖြစ်ပွားနေတဲ့ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်တို့ ပါဝင်ပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ