spot_img
15.9 C
Loikaw
Friday 2, January 2026
spot_img
Home၂၀၂၅ ရွေးကောက်ပွဲရွေးကောက်ပွဲ ကျင်းပနေတဲ့ လွိုင်ကော်မြို့တွင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲ

ရွေးကောက်ပွဲ ကျင်းပနေတဲ့ လွိုင်ကော်မြို့တွင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲ

-

ကန္တာရဝတီတိုင်း ( မ် )
ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း ၁ ကို ကရင်နီပြည် ၊ လွိုင်ကော်မြို့အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပနေပြီး လွိုင်ကော်မြို့တွင်းမှာ လက်နက်ကြီး ကျ​ရောက်ပေါက်ကွဲမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လက်နက်ကြီးကတော့ တမနက်လုံး ထုနေတာ မြို့ပြင်ဖက်ကို နေ့လည်ရောက်တော့ မကြားရတော့ဘူး။ မြို့တွင်းလည်း လက်နက်ကြီးကျတယ်။ မင်္ဂလာရပ်ကွက်ထဲမှာရှိတဲ့ မြို့လယ်က ၂ ထပ်ဈေးရှေ့တစ်ဝိုက်မှာ တလုံးကတော့ မကွဲဘူးလို့ ပြောတယ်။ ကြားရသလောက် အတည်ပြုနိုင်တာကတော့ မြို့လယ်ဖက်ပဲပေါ့။ တခြားနေရာတွေလည်း ပစ်ခံရတယ်လို့ ပြောတယ်။” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းမှာကတည်းက လွိုင်ကော်မြို့တွင်း နဲ့ မြို့ပြင် တွေမှာလည်း လက်နက်ကြီး ကျရောက်တာတွေ ရှိတယ်လို့ ဆိုပါတယ်။ မည်သည့်အဖွဲ့က ပစ်ခတ်ကြောင်းကိုတော့ ဒေသခံတွေအနေနဲ့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။ ဒါ့အပြင် ပစ်ခတ်မှုကြောင့် အခြေအနေကို အသေးစိတ်ကိုလည်း မသိရှိရသေးသလို ကန္တာရဝတီတိုင်း(မ်) အနေနဲ့လည်း သီးခြား အတည်နိုင်ခြင်းမရှိသေးပါဘူး။
ရွေးကောက်ပွဲ ကျင်းပတဲ့ ဒီကနေ့မှာတော့ မြို့တွင်းမှာ ယခင်ရက်တွေထက် အသွားအလာနည်းပါးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“နမ့်ဘော်ဝမ် ၊ ဧက ၅၀၀ ဖက် နဲ့ မြို့တွင်းက မဲရုံတွေမှာတော့ မဲပေးဖို့ တန်းစီတဲ့သူတွေများတယ်။ မဲ မပေးရင်လည်း ခြိမ်းခြောက်ခံရမှု ရှိနိုင်တော့ သွားပေးကြတယ် ။ သက်ကြီးပိုင်းတွေတော့ များတာပေါ့ မဲပေးတဲ့သူတွေက။ လုံခြုံရေးကတော့ ဘယ်လိုပြောရမလဲ လက်နက်အပြည့်အစုံနဲ့တော့ မဲရုံအနီးအနား စောင့်ကြတာရှိတယ်။” လို့ နောက်ထပ် မြို့ခံတစ်ဦးက ပြောပါတယ်။
လွိုင်ကော်မြို့တွင်းမှာတော့ မင်းစုရပ်ကွက်မှာ မဲရုံ ( ၄ ) ရုံ ၊ ထေးသမရပ်ကွက်မှာ မဲရုံ ( ၂ ) ရုံ ၊ ချိကယ်ကျေးရွာအုပ်စုမှာ မဲရုံ ( ၁ ) ရုံ ၊ နောင်ယား(ခ) ရပ်ကွက်မှာ မဲရုံ ( ၁ ) ရုံ ၊ နောင်ယား ( က ) ရပ်ကွက်မှာ မဲရုံ ( ၂ ) ရုံ ၊ ဒေါတမရပ်ကွက်မှာ မဲရုံ ( ၂ ) ၊ နမ့်ဘော်ဝမ်ရပ်ကွက်မှာ မဲရုံ ( ၃) ရုံ စုစုပေါင်း ၁၅ ရုံ ရှိတယ်လို့ သိရပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတွေကလည်း ဒီကနေ့ မနက်ပိုင်းမှာကတည်းက လက်နက်ကြီးပစ်ခတ်သံတွေ ကြားရတယ်လို့ ပြောပါတယ်။
“မနက်ကတည်းက အသံတွေ ကြားနေရတယ်။ ဘယ်ဖက်ကို ကျလဲတော့ သေချာမသိရဘူး။” လို့ ဒီးမော့ဆိုဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အပိုင်း ( ၁ ) အတွက် ကရင်နီပြည်မှာ လွိုင်ကော်မြို့နယ် နဲ့ ဘောလခဲမြို့နယ် ပါဝင်ပြီး လွိုင်ကော်မြို့နယ်အတွင်းမှာတော့ ပါလောင်းနဲ့ တီးလုံကျေးရွာအုပ်စုကလွဲပြီး ကျန်တဲ့ မြို့ပေါ်ရပ်ကွက် ၊ ကျေးရွာအုပ်စုတွေမှာ ရွေးကောက်ပွဲ ပြုလုပ်နေတာပါ။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ