spot_img
15.3 C
Loikaw
Tuesday 17, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလွတ်မြောက်နယ်မြေက ကရင်နီသူနာပြုတက္ကသိုလ်ကို တက်ရောက်ပြီးစီးသွားတဲ့ ကျောင်းသား ၁၈ ဦးကို ဘွဲ့နှင်းအပ်

လွတ်မြောက်နယ်မြေက ကရင်နီသူနာပြုတက္ကသိုလ်ကို တက်ရောက်ပြီးစီးသွားတဲ့ ကျောင်းသား ၁၈ ဦးကို ဘွဲ့နှင်းအပ်

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ရာနယ်မြေမှာ ဖွင့်လှစ်ထားတဲ့ ကရင်နီသူနာပြုတက္ကသိုလ် Karenni Nursing University (KNU) ကို တက်ရောက် ပြီးမြောက်သွားတဲ့ ကျောင်းသား၊ကျောင်းသူ ၁၈ ဦးကို ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ဘွဲ့အပ်နှင်းတဲ့ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

အဆိုပါကျောင်းသား၊ ကျောင်းသူတွေဟာ ၂၀၂၂ ခုနှစ်ကတည်းက သူနာပြုဘာသာရပ်ကို လေ့လာခဲ့ကြတာဖြစ်ပြီး ၃ နှစ်အကြာမှာ ဘွဲ့ရရှိခဲ့တာဖြစ်ပါတယ်။

“ကျမ အရမ်းပျော်တယ်ပေါ့နော။ တော်လှန်ရေး ကာလသာမဟုတ်လို့ရှိရင် ကျမတို့လူငယ်တွေ ကြိုးစားနေတဲ့ လူငယ်တွေ အချင်းချင်း တွေ့ကြမှာမဟုတ်ဘူး။…ကျမတို့ဆက်ပြီးတော့မှ ကြိုးစားသွားမယ်။ ကျမတို့ခံယူတယ် ဒီတော်လှန်ရေးမှာ ကျမတို့ပါဝင်သလို ဆက်ပြီးတော့ တော်လှန်နေအုံးမှာပဲ။ ပြီးတော့ ကျမတို့က လက်နက်ကိုင်ပြီးတော့ တော်လှန်တာမဟုတ်ပဲ ပညာရေး၊ကျန်းမာရေး ကဏ္ဌကနေ ဆက်ပြီးတော့တော်လှန်သွားပါမယ်။” လို့ ဘွဲ့ယူကျောင်းသူ ဆေးဗီးယာ က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

ဘွဲ့ရကျောင်းသား၊ ကျောင်းသူတွေကို ကရင်နီပြည်တွင်းမှာရှိတဲ့ ဆေးရုံဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်နိုင်ဖို့ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ဆေးရုံဆေးခန်း တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းသွားမှာဖြစ်တယ်လို့လည်း ကျောင်းတည်ထောင်သူက ပြောပါတယ်။

အခုဘွဲ့နှင်းသဘင် အခမ်းအနားကို ထိုင်း-ကရင်နီနယ်စပ် တစ်နေရာမှာ ကျင်းပခဲ့တာဖြစ်ပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC၊ ကရင်နီပြည်ရှိ တော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ KA ၊ KNDF တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဒါကလည်း ကြားကာလ အစိုးရတစ်ရပ်ရဲ့ အသိမှတ်ပြုမှု၊ တော်လှန်ရေး အင်အားစုတွေရဲ့ အသိမှတ်ပြုမှုဖြစ်တယ်လို့ ကရင်နီသူနာပြုတက္ကသိုလ် (KNU) ရဲ့ ကျောင်းတာဝန်ရှိသူ ဆရာမ အဲမလီက ပြောပါတယ်။

“ကျနော်တို့ရဲ့ ကျန်းမာရေးအဖွဲ့ CDM အဖွဲ့ကနေ ဖွဲ့စည်းတည်ထောင်ထားတဲ့ ဒီကျောင်းကိုတော့ ဒီတော်လှန်ရေး အခြေအနေအရ အားလုံးက အသိမှတ်ပြုပေးမယ်လို့ နားလည်တယ်။ ဘာလို့လဲဆို ကျနော်တို့မှာ ပရောဖက်ရှင်နယ်အရ academic ကတော့ ဆရာမကြီးတွေရှိတယ်။ သူတို့တွေက ထိန်းကျောင်းမှုတွေ လုပ်ပေးတယ်။ ဆိုတော့ ကျနော်တို့ ကျောင်းကို အသိမှတ်ဘယ်လိုပြုလဲလို့ပြောရင်တော့ တက်ရောက်အားပေးကြတယ်။ ပါဝင်ပေးကြတယ်။ ပြီးတော့မှ ကလေးတွေ ရဲ့ အခြေနေကရောဘယ်လိုဆက်သွားကြမလဲ။ အဲလိုလေးတွေ မေးပေးကြတယ်။ ပါဝင်ကူညီပေးတာတွေက အသိမှတ်ပြုမှုတစ်ခုပဲလို့ ကျနော်တို့ အနေနဲ့ နားလည်တယ်” လို့ သူက ပြောပါတယ်။

ကရင်နီသူနာပြုတက္ကသိုလ်က စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေး ကာလအတွင်း ပထမဆုံးထွက်ပေါ်လာတဲ့ သူနာပြုတက္ကသိုလ် ဖြစ်သလို ဒီကနေ့ ပြုလုပ်သွားတာက
ကျောင်းရဲ့ပထမဆုံးဘွဲ့နှင်း ပေးအပ်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်နီသူနာပြုတက္ကသိုလ်ကို CDM သူနာပြုတွေနဲ့ ဖွဲ့စည်းထားတဲ့ ကရင်နီသူနာပြုအစည်းအရုံး (KNA) အဖွဲ့က ဦးဆောင်ပြီး ၂၀၂၂ ခုနှစ်မှာတည်ထောင်ခဲ့တာဖြစ်ပါတယ်။ ကျောင်းကိုတော့ ကရင်နီပြည်တွင်းရှိ နယ်မြေဒေသအသီးသီးက ကျောင်းသား၊ ကျောင်းသူတွေ လာရောက် ပညာဆည်းပူးကြတာ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ