spot_img
23 C
Loikaw
Tuesday 17, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာအပါအဝင် စစ်ရှောင်စခန်းတွေမှာ ရေရှားပါးမှုနဲ့ စတင်ကြုံတွေ့

ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာအပါအဝင် စစ်ရှောင်စခန်းတွေမှာ ရေရှားပါးမှုနဲ့ စတင်ကြုံတွေ့

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ဒေါဖု ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာ ( ၃ ) နဲ့ စစ်ရှောင်စခန်း ( ၂ ) နေရာမှာ ယခုနှစ်အစောပိုင်းမှာပဲ ရေရှားပါးမှု ပြဿနာနဲ့ စတင်ကြုံတွေ့ နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေထက် ရေရှားပါးမှု ပြဿနာကို စောစီးစွာ ကြုံတွေ့နေရပြီး ရေလာရောက်လှူဒါန်းပေးမယ့် အလှူရှင်အဖွဲ့အစည်းတွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတခုရဲ့ ကော်မတီဝင်တဦးက အခုလို ပြောပါတယ်။

“ရေက ဒီတနှစ်မှာ တော်တော်လေး အခက်အခဲ ဖြစ်နေတယ်။အနောက်ဘက်ခြမ်းတွေ သွားလာဖို့ကလည်း အဆင်မပြေတော့ အလှူရှင်တွေ ၊ အထူးသဖြင့် ရေသယ်ပေးမယ့် ကားအလှူရှင် တော်တော်လေး မရှိဘူး ဖြစ်နေတယ်။ ကားရှိသော်လည်းပဲ ရေလှူပေးမယ့် အလှူရှင်လေး ရှိရင်တော့ ပိုအဆင်ပြေလာလိမ့်မယ်လို့ မျှော်လင့်တယ်။“ လို့ စစ်ရှောင် ကော်မတီဝင်တဦးက ပြောပါတယ်။

ကျေးရွာအပါအဝင် စစ်ရှောင်စခန်းက လူထုတွေ မှီခို အားထားရတဲ့ ရေကန်မှာ တရက်ကို တထွာနှုန်းနဲ့ ရေကျဆင်းနေပြီး ရေခမ်းခြောက်တော့မယ့် အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို ရေကျဆင်းတာ မြန်ဆန်နေတာကြောင့် ရေစုပ်စက်နဲ့ ရေတင်လို့ မရတော့ သလို လာမယ့်နွေရာသီမှာတော့ ရေအခက်အခဲ စိန်ခေါ်မှုက ယခင်နှစ်တွေထက် ပိုမို ကြီးမားလိမ့်မယ်လို့ စစ်ရှောင်တွေက ဆိုပါတယ်။

စစ်ရှောင်စခန်းရဲ့ အနီးအနားမှာရှိတဲ့ ရေအရင်းအမြစ်ရှိရာနေရာမှာ ရေခမ်းခြောက်နေပြီဖြစ်တာကြောင့် တခြားနေရာတွေမှာ ကား၊ ဆိုင်ကယ်တွေနဲ့ သွားရောက်သယ်ယူနေရတယ်လို့ ဆိုပါတယ်။ ရေသယ်ယူဖို့ ကား၊ ဆိုင်ကယ်မရှိတဲ့ မိသားစုတွေအတွက်တော့ ရေလာရောက်လှူဒါန်းပေးမယ့် သူတွေကို မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ရှောင်စခန်း ၂ နေရာ နဲ့ ကျေးရွာ ၃ ရွာမှာ အိမ်ခြေ စုစုပေါင်း ( ၃၅၀ ) ဝန်းကျင် ရှိပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ