ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ရွှေညောင်ကုန်းစစ်ရှောင်စခန်းမှာ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတာ တစ်လနီးပါး ရှိလာပြီလို့ စစ်ရှောင်စခန်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“စုစုပေါင်း အိမ်ခြေက ၇၆ စုလောက်ရှိတယ်၊ အဲ့ဒါ ၁ ပုံကတော့ ဆန်ပြုတ်စားနေရတယ်၊ ကျန် ၂ ပုံကတော့ ချေးငှားစားရတာပေါ့နော၊ ဆန်ပြုတ် စားတာ ဒီပတ်ထဲမှာပဲ ရှိသေးတယ်၊ ချေးငှားစားတာတော အချိန်တိုင်းလိုလိုပဲ ထောက်ပံ့မှုရရင် အကြွေးတွေနဲ့ပြန်ဆပ်လိုက်ရနဲ့ပဲ”လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ၊ ၂၀၂၄ ခုနှစ်အတွင်း လူမှုအသင်းအဖွဲ့ထံကနေ ကူညီထောက်ပံ့မှုရရှိခဲ့ပေမယ့် စစ်ဘေးရှောင်ကာလ ကြာလာတာနဲ့အမျှ ၂၀၂၅ နောက်ပိုင်းမှာတော့ အကူအညီရရှိမှု နည်းပါးလာတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်အများစုက ဝင်ငွေရအလုပ်အကိုင်မရှိတာ၊ လုပ်ကိုင်စားသောက်ဖို့ မြေနေရာအခက်အခဲတွေကြောင့် နီးစပ်ရာဆွေမျိုးအသိုင်းအဝိုင်းထံကနေ ဆန် ချေးငှားစားနေရတယ်လို့ ပြောပါတယ်။
” စစ်ရှောင်လူထုတွေ တော်တော် ဒုက္ခရောက်နေတယ်၊ လုပ်ကိုင်စားသောက်မရတဲ့ အပိုင်းမှာဖြစ်တော့ အဓိက စားဝတ်နေရေး တစ်ခုပါပဲ ဆန်၊ဆီ၊ဆားပေါ့။ သူတို့ကို သွားကြည့်လိုက်ရင်လည်း ဘာမှမရှိဘူးဖြစ်နေတယ်၊ သူတို့လုပ်ထားတဲ့ တောင်ယာက တစ်လနှစ်လစာလောက်ပဲဖူလုံတယ်။ ဆန်ပြုတ် ပြုတ်စားတဲ့ အဖွဲ့တွေလည်း ရှိခါကျတော့ ဘယ်မှာသွားပြီး အကူအညီတောင်းရမလဲ ဖြစ်နေတယ်”လို့ စစ်ရှောင်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။
အခုလို ဆန်ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတာကြောင့် ရေရှည်စားဝတ်နေရေး ခက်ခဲနိုင်ပြီး ကလေးနဲ့ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးကိုလည်း စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ရွှေညောင်ကုန်း စစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ ၇၃ အိမ်ရှိပြီး၊ လူဦးရေ ၂၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။




