ကန္တာရဝတီတိုင်း(မ်)
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က လေကြောင်းသုံးကာ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“မြေပြင်ထိတွေ့မှုကတော့ ဘယ်ရက်တွေရှိတယ် ပြောမရဘူး။ ရက်စိပ်ပြီး ရက်တိုင်းလိုလိုတော့ သတိထားနေရပါတယ်။ ထိခိုက်ကျဆုံးမှုကတော့ ကိုယ့်ဖက်သူ့ဖက်ရှိပါတယ်။”လို့ မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။
ဘောလခဲမြို့နယ်ကနေ ဖားဆောင်းမြို့နယ်ဖက်ကို ဦးတည်ထွက်လာတဲ့ စစ်ကော်မရှင် စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေဖြစ်နေတယ်လို့ ကရင်နီပြည်တပ်မတော် (KA) ဒုစစ်ဦးစီးချုပ်၊ ဒုဗိုလ်မှူးချုပ် ဘုန်းနိုင်က ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲအတွင်းဒရုန်းတွေကိုလည်းအသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုအခြေအနေကို သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဖားဆောင်းမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ နောက်ဆုံးလက်ကျန်တပ်ဖြစ်တဲ့ ခလရ ၁၄၅ တပ်သာ ကျန်ရှိတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဖားဆောင်းတိုက်ပွဲတနေရာအတွင်း ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလလတ) ဗျူဟာ ၂ က တပ်စိတ်မှူး တစ်ဦး ကျဆုံးခဲ့ပါတယ်။




