ကန္တာရဝတီတိုင်း(မ်)
ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသက ဗန်းမတ်ရွာသစ်ကို စစ်ကော်မရှင် လက်အောက်ခံ PNO ပြည်သူ့စစ်တွေ မီးရှို့ဖျက်ဆီးခဲ့ပြီး၊ မီးရှို့ခဲ့တဲ့ PNO တပ်ဖွဲ့ ရဲ့ ဗိုလ်ကြီးတစ်ဦးလည်း စနိုက်ပါ ထိမှန်သေဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တပ်ဖွဲ့ဆီကနေ သိရပါတယ်။
ဗန်းမတ်ရွာသစ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မီးရှို့ခဲ့တာလို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက အခုလိုပြောပါတယ်။
“ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ပွန်ချောင်းကို ကူးလာပြီးတော့မှ ဗန်းမတ် ရွာသစ်ကိုမီးရှို့လိုက်တာပေါ့။ PNO တွေရှို့လိုက်တာလေ။ အဲ့ဒီဟာက ၂၀၂၃ ၊ ၂၀၂၂ အကုန်မှာ ၂၀၂၃ အစမှာ တည်ထောင်ခဲ့တဲ့ ရွာပေါ့။ “ လို့ ခွန်ရိန်းယံက ဆိုပါတယ်။
ဗန်းမတ်ရွာသစ်ဟာ ကရင်နီပြည်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် တိမ်းရှောင်ကြတဲ့ ပအိုဝ်းပြည်သူတွေအတွက် ပြင်ပအလှူရှင်နဲ့ လူထုတွေအချင်းချင်း ကူညီမှုနဲ့အတူ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ စတင် တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဗန်းမတ်ရွာသစ်မှာနေထိုင်ကြသူတွေဟာ စစ်ကော်မရှင်တပ်နဲ့ လက်အောက်ခံပြည်သူ့စစ်တွေရဲ့ နေ့စဉ်လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် တိမ်းရှောင်နေကြစဉ် ကျေးရွာကို မီးရှို့ခဲ့တာဖြစ်တယ်လို့ ခွန်ရိန်းယံက ပြောပါတယ်။
လူထုနေအိမ်တွေကို မီးရှို့ဖျက်စီးခဲ့တဲ့ PNO တပ်ဖွဲ့ထဲက ဗိုလ်ကြီးတစ်ဦးလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ စနိုက်ပါ ထိမှန်ပြီး ကျဆုံးခဲ့တယ်လို့ PNLA က ပြောထားပါတယ်။ ဗန်းမတ်ရွာသစ်ဟာ အိမ်ခြေ ၁၆ အိမ်ရှိပြီး လူဦးရေ ၁၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။




