ကန္တာရဝတီတိုင်း (မ်)
မနေ့က ဧပြီ ၂ ရက်နေ့မှာ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်ကော်မရှင်က အသေခံဒရုန်း နှစ်စင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့က လာကြဲတယ်။ ကျမတို့ရဲ့တဲအပေါ်ဖက်ပဲ ပုံမှန်ဆို လူများတယ် အဲ့နေရာ။ အသေခံဒရုန်းကတော့ ၂ စင်း။” လို့ မော်ချီးဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

မော်ချီးဒေသက တစ်မိုင် နဲ့ ၇ မိုင် ကို စစ်ကော်မရှင်က နေ့လည်ခင်းအချိန်မှာ တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း အသက် ၆၀ ကျေ ာ်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မော်ချီးဒေသကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာကတည်းက ဒေသတွင်း ခဲလုပ်သားအများစုဟာ နေရပ်ပြန်ကုန်ကြပြီး ဒေသခံအနည်းစုက ကျန်ခဲ့တာဖြစ်တယ်လို့ မော်ချီးက ခဲလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“နေ့တိုင်းလိုလို လေယာဥ်က လာချလိုက်၊ စစ်ကြောင်းထိုးလိုက်ဆိုတော့ တချို့ကတော့ ပြန်ကြတယ်။ တချို့ကျတော့ နေရဲတဲ့သူတွေလောက်ပဲ နေကြတော့တယ်။” လို့ ခဲလုပ်ငန်းရှင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အခုလို မော်ချီးဒေသကို လေကြောင်းတိုက်ခိုက်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေကြောင့် မော်ချီးဒေသကို အမှီသဟဲပြုပြီး စားဝတ်နေရေးအတွက် လုပ်ကိုင်ကြသူတွေက အခက်အခဲတွေနဲ့ ရင်ဆိုင်လာရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့မှာလည်း မော်ချီးဒေသကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး ခဲလုပ်သားတချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။





