ကန္တာရဝတီတိုင်း(မ်)
ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နေ့စဉ် နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုတွေ ပုံမှန်ရှိနေတဲ့အတွက် လူထုတွေ အနေနဲ့ အသွားအလာမပြုလုပ်ကြဖို့ မြေပြင်က တော်လှန်ရေးရဲဘော်တွေက အသိပေး ပြောဆိုလာပါတယ်။
“ဒီးမော့ဆိုမှာ စစ်ရေးလှုပ်ရှားမှုအနေနဲ့ကတော့ ကာကင်းစခန်းနေရာတွေ ပုံမှန်ဆက်လက်ရှိနေတယ်။
တပ်နှစ်ဖက် ဆိုင်ထားတဲ့ အနေအထားမျိုးပေါ့။ အဲ့လို စစ်ရေးလှုပ်ရှားတဲ့နေရာမျိုးတွေ စစ်မြေပြင်ဖြစ်တဲ့အတွက် သာမန်ပြည်သူတွေ မသွားလာတာ အကောင်းဆုံးပါ။ အန္တာရာယ်က အချိန်မရွေးဖြစ်လာနိုင်လို့ပဲဖြစ်ပါတယ်။ အရေးကြီး ကိစ္စရှိရင်တောင် နီးစပ်ရာအဖွဲ့နဲ့ချိတ်ပြီး သွားသင့်တာ။”လို့ မြေပြင် တော်လှန်ရေးရဲဘော်တစ်ဦး က ဆိုပါတယ်။
မြေပြင်တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ရှမ်းတောင် (ကယား) ကရင်နီ တိုင်းစစ်ဌာန၊ အမှတ် (၁၁၀၇) တပ်ရင်းက ရဲဘော် ချားစ်ဘို နဲ့ ရဲဘော် ရှားအီ တို့ဟာ ဒီးမော့ဆိုရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကျဆုံးခဲ့ပါတယ်။
မြေပြင်စစ်ရေးအခြေအနေနဲ့ ဆက်စပ်ပြီး ဒီးမော့ဆိုမှာ စစ်ရေးလှုပ်ရှားနေတဲ့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂) တာဝန်ရှိသူတစ်ဦးလည်း အခုလို တိုက်တွန်းလာပါတယ်။
“ကျနော်တို့ တပ်ရင်းအနေနဲ့လည်း ပြည်သူတွေလုံခြုံရေးအတွက် ရှေ့တန်းကာကင်းလိုနေရာမျိုးတွေမှာ နေ့စဥ် ၂၄ နာရီတာဝန်ထမ်းဆောင်နေတာ ဖြစ်တဲ့အတွက် အခု ကျနော်တို့ တပ်ရင်းကနေ ပြုလုပ်တဲ့ “နွေဦးရိက္ခာ” ကံစမ်းမဲ ရောင်းတဲ့အစီစဥ်မှာ ပါဝင်အားဖြည့်ပေးကြဖို့ကိုလည်း တိုက်တွန်း တောင်းဆိုချင်တယ်။”လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂) တာဝန်ရှိသူတစ်ဦး က ဆိုပါတယ်။
မြေပြင်က ရဲဘော်တွေရဲ့ စားနပ်ရိက္ခာဖြည့်တင်းနိုင်ဖို့အတွက် ရည်ရွယ်ပြီး “နွေဦးရိက္ခာ” ဆိုတဲ့ ကမ်ပိန်းကို ပြုလုပ်နေကြတာပါ။ မြေပြင်မှာ စစ်ရေးလှုပ်ရှားမှုရှိတဲ့ ဘယ်နေရာတွေမဆို လူထုတွေအနေနဲ့ ရှောင်ရှားကြဖို့နဲ့ မသွားလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးတိုက်တွန်းထားပါတယ်။





