Homeသတင်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတဖြစ်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတဖြစ်

-

ကန္တာရဝတီတိုင်း (မ်)

ဒီနေ့ ဧပြီလ ၃ ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပခဲ့တဲ့ သမ္မတရွေးပွဲမှာ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က သမ္မတ ဖြစ်လာပါတယ်။

ဒုသမ္မတ (၁) နေရာကို ဦးညိုစော ရသွားခဲ့ပြီး ဒေါ်နန်းနီနီအေးက ဒုသမ္မတ (၂) ဖြစ်လာပါတယ်။ ဒုသမ္မတ ၁ နဲ့ ၂ က သမ္မတ ကနေပြီး ခွဲဝေပေးတဲ့လုပ်ငန်းတာဝန်ကို ထမ်းဆောင်ရမှာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတ ဖြစ်လာတဲ့အပေါ် ပြည်တွင်းပဋိပက္ခ မငြိမ်မသက်မှု နဲ့ နောက်ဆက်တွဲ စားဝတ်နေ‌ရေးအကြပ်အတည်းပိုဆိုးလာမှာကို စိုးရိမ်ရတယ်လို့ ကရင်နီစစ်ရှောင်လူထုတွေက ပြောပါတယ်။

စစ်တပ်ရဲ့ လက်နက်နဲ့တိုက်ခိုက်မှုတွေအများဆုံးခံစားနေရတဲ့ စစ်ဘေးရှောင်လူထုတွေကတော့ ထွေထွေထူးထူး မှတ်ချက်ပေးစရာမရှိဘူးလို့ ပြောပါတယ်။

“ကျမကတော့ ဘာမှထွေထွေထူးထူး မှတ်ချက်ပေးစရာတော့မရှိပါဘူး။ မင်းအောင်လှိုင်သမ္မတဖြစ်တာကို ကြိုက်တဲ့ ပြည်သူတွေလည်း မရှိဘူးလို့ထင်ပါတယ်။ စိုးရိမ်စရာကောင်းတာက ဘယ်လိုလက်ကွက်တွေသုံးပြီး ကျမတို့ စစ်ရှောင်တွေကို ချိုးနှိမ်အုံးမလဲ ဆိုတာပါပဲ။ ကျမတို့ကလူထုတွေကဘာမှ အင်အားမရှိတော့ သူလုပ်တာခံနေရတာပါပဲ”လို့ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်နေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ အဖြစ်တာဝန်ယူခဲ့ပြီး ၊ ၂၀၂၄ မှာ ယာယီသမ္မတအဖြစ် မိမိကိုယ်ကို ခန့်အပ်ခဲ့ပါတယ်။

ဒုသမ္မတအဖြစ်ရွေးချယ်ခံရတဲ့နေ့မှာပဲ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က တပ်ချူပ်ရာထူးကို သူ့ရဲ့လူယုံဗိုလ်မှူးကြီး ရဲဝင်းဦးဆီကို အပ်နှင်းခဲ့ပါတယ်။ စစ်ခေါင်းဆောင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ စတင်ထမ်းဆောင်ခဲ့ပြီး ၁၅ နှစ်အကြာ ၂၀၂၆ ခုနှစ် မတ်လ ၃၀ရက်မှာအနားယူခဲ့တာပါ။

အာဏာသိမ်းကာလအတွင်း စစ်ရှုံးနိမ့်မှုတွေများခဲ့တဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တပ်အာဏာကိုလူယုံနဲ့လွှဲထားပေမဲ့ ရှေ့လျှောက်မှာ သူ့ရဲတပ်တွင်းအာဏာစိုးမိုးမှုက တည်မြဲပါ့မလားဆိုတဲ့ သုံးသပ်ချက်တွေလည်း ထွက်ပေါ်မှုတွေ ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ