ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်မှာ ပြီးခဲ့တဲ့ စိုက်ပျိုးနှစ်ကထက် စောပြီး စိုက်ပျိုးတောင်သူတချို့ရဲ့ စပါးခင်းတွေမှာ စပါးပိုးကျနေတာနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်တွေမှာ ပုံမှန် စပါးပင် လသားအရွယ်လောက်မှ ပိုးသတ်ဆေးကို စတင်အသုံးပြုကြရပေမယ့် ယခုနှစ်မှာတော့ စပါးပင် တစ်ပတ်ကျော်အရွယ်မှာ ပိုးကျနေပြီလို့ တောင်သူတဦးက ပြောပါတယ်။
“များသောအားဖြင့်တော့ တစ်လကျော်မှကျတာ။ အခုနှစ်က စောစောကျတော့ အခက်တွေ့ရတယ်”လို့ သူက ဆိုပါတယ်။
စပါးစိုက်ပျိုးတဲ့ ကုန်ကျစရိတ်တွေများလာတဲ့အခါ တောင်သူတွေအနေနဲ့ ယခုနှစ်မှာ မိုးစပါးကို ပျိုးချ စိုက်ပျိုးကြပြီး တချို့ကိုအစေ့ချ စိုက်ပျိုးကြပါတယ်။ အစေ့ချစိုက်ပျိုးတဲ့ ၁၀ ဧကဝန်းကျင်လောက်ကတော့ အခုလို ပိုးကျတာနဲ့ကြုံတွေ့နေရတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။
ဒါ့အပြင် စပါးပိုးကျတာက ယခင်နှစ်တွေထက် ပိုအဖြစ်များပြီး တစ်ပတ်အတွင်းကို ကူးစက်မှုမြန်တယ်လို့လည်း ဆိုပါတယ်။
“ပုံစံတော့ ခုဖြစ်နေတဲ့ပြဿနာကအရင်လဲ မြင်ဖူးပါတယ်။ ဒါပေမဲ့ သိပ်တော့မမြန်ဘူးပေါ့။ ခုက ၂ရက်၊ ၃ရက်အတွင်း တခင်းလုံးဖြူပြီးခြောက်ကုန်တာပေါ့” လို့ အဆိုပါတောင်သူက ပြောပါတယ်။
ပိုးကျမှုကို ကုသဖို့ ဓာတုပိုးသတ်ဆေးကိုအသုံးပြုနေပေယ့် ဆေးဖျန်းပြီးနောက် မိုးရွာသွန်းမှုကြောင့် ဆေးအာနိသင် သက်ရောက်မှုမရှိမှာကို စိုးရိမ်နေကြတယ်လို့လည်း ဆိုပါတယ်။
အခုလို စပါးခင်းတွေမှာ ပိုးကျမှုကြောင့် စားဝတ်နေရေးအတွက် တပိုင်တနိုင် စိုက်ပျိုးကြတဲ့ လယ်စပါးတွေ အထွက်နှုန်း ကျဆင်းသွားမှာကို စိုက်ပျိုးတောင်သူတွေက စိုးရိမ်နေကြပါတယ်။






