ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ မိုးရာသီကာလကြုံနေရတဲ့ လမ်းပန်းဆက်သွယ်ရေးအခက်ခဲတွေကြောင့် ဆေးဝါး နဲ့ အခြေခံစားသောက်ကုန်တချို့ ပြတ်လပ်မှုတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ ဒီဖက်မှာကဆေးခန်းရှိတယ်။ ကျမတို့ဆေးဝါးလည်းပြတ်လပ်နေတယ် ပြောရမှာပေါ့နော။ ကျမတို့က ဆေးကမှာထားပြီးသား သယ်လို့အဆင်မပြေဘူး အဲ့လိုမျိုးဖြစ်တာပေါ့နော။ ထွန်စက်နဲ့လည်းချိတ်တယ်။ အဆင်မပြေဘူး အဲ့လိုဖြစ်တာလည်းရှိတာပေါ့နော”လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
ဖရူဆိုမြို့နယ်ရဲ့ ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကို ပိုကြုံနေရသလို ကုန်စည်ကားမရောက်တာလည်း တစ်လဝန်းကျင်ရှိနေပြီလို့ ပြောပါတယ်။ လတ်တလောမှာတော့ ဆေးဝါးအပြင် အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငါးပိ၊ ငါးခြောက်စတဲ့ ကုန်တွေလည်း ပြတ်လပ်နေတယ်လို့ ပြောပါတယ်။
အခြေခံစားသောက်ကုန်တချို့နဲ့ ဆေးဝါးပြတ်လပ်မှုက သုံးပတ်ဝန်းကျင်ရှိနေပြီလို့ ဆိုပါတယ်။ ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်ပေးတဲ့ထွန်စက်က တစ်စီးတည်းသာရှိတာကြောင့် သယ်ယူနိုင်တဲ့ ကုန်ပစ္စည်းပမာဏမှာ လိုအပ်ချက်ကို လုံလောက်အောင် မဖြည့်ဆည်းပေးနိုင်ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
လတ်တလောမှာ လိုအပ်တဲ့ အခြေခံစားသောက်ကုန်ပစ္စည်းတွေကို အသွား၊ အပြန် ၈ နာရီကြာတဲ့ ခြေလျင်ခရီးနဲ့ သွားရောက်သယ်ယူရတာကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုလည်း ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ လမ်းပျက်လို့လေ လောဆယ် ကားလည်းပေးမသွားတော့ဘူး ထွန်စက်ကော။ ဆိုင်ကယ်ကယ်ရီကတော့ လမ်းရွေးပြီးသွားရတာပေါ့။ ဆိုင်တော်တော်များများက ကုန်ပစ္စည်းတွေတော့ ပြတ်နေပြီ။ ကုန်သယ်ချင်တော့ ခြေလျင်နဲ့ လူငှားပြီး သွားသယ်ကြတာတော့လုပ်တယ်။ ဆိုင်ကယ်နဲ့သွားတဲ့သူတွေတော့ ညအိပ်ရတယ် ခြေလျင်ကတော့ နေ့ချင်းပြန်လို့ရတယ်။ အဓိက သယ်တာတော့ ဆီတို့ ဆန်တို့ ပေါ့။” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ ပုံမှန်အသုံးပြုသွားလာနေကြတဲ့ လမ်းတချို့က မိုးတွင်းကာလမှာ ပိုဆိုးလာတဲ့ အခြေအနေရှိပြီး ကား၊ ဆိုင်ကယ်သွားလာလို့ မရတဲ့နေရာတွေကို ပြုပြင်ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။






