ကန္တာရဝတီတိုင်း(မ်)
ဒီကနေ့ ဇူလိုင်လ ၁၆ ရက်နေ့၊ ညနေ ၃ နာရီကျော်အချိန်မှာ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်တနေရာကို စစ်အုပ်စုက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အသက် ၂၀ ကျော်အမျိုးသားတဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
လေယာဉ်ဗုံးကြဲမှုကြောင့် အရပ်သား ၃ ဦးကို ထိမှန်ခဲ့တာဖြစ်ပြီး တဦးက ပြင်းထန်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
” ၃ နာရီကျော်လောက်ဖြစ်မယ် ရွာသားတစ်ယောက်ဆုံးတယ်ကော။ ဆေးရုံထိတော့ရောက်လာသေးတယ်။ လှေတစ်စီး ၊ ကုန်တွေ မြှုပ်သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ကုန်သယ်ယူပို့ဆောင်တဲ့ ဒေသခံတဦးရဲ့ ကားတစီးလည်း ထိမှန်ပျက်စီးခဲ့သလို ကားပေါ်ပါကုန်ပစ္စည်းတွေလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ပျက်စီးသွားတဲ့ ကားအပြင် ကုန်ပစ္စည်းတန်ဖိုးက သိန်းပေါင်း ၁၇၀၀ ကျော်တယ်လို့ ကားပျက်စီးသွားတဲ့ ဒေသခံတဦးက ပြောပါတယ်။
“ကားဆို အခု တန်ဖိုး သိန်း ၁၀၀၀ လောက်ရှိတယ် ကုန်ဖိုးဆိုရင် သိန်း ၄၀၀ ကျော်တယ် ကုန်တွေလဲ ရေထဲမျောကုန်တယ် တဝက်တောင် ပြန်မရဘူး။ နောက်တယောက်က သိန်း ၃၀၀ ကျော်လောက်ရှိမယ်။” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့မှာလည်း လွိုင်ကော်မြို့နယ်အရှေ့ခြမ်းက ၃ နေရာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့ပြီး အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီး သေဆုံးခဲ့ပါတယ်။ ယခုဇူလိုင်လအတွင်း ကရင်နီပြည်ရဲ့ နေရာအနှံ့အပြားကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု နဲ့ ဒရုန်းဗုံးကြဲမှုကို မကြာခဏ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။





