Homeသတင်းStarlink အင်တာနက် ဝန်ဆောင်မှုကို Roam Plan ကနေ Global Priority Plan သို့ ပြောင်းလဲဖို့ ကုမ္ပဏီ...

Starlink အင်တာနက် ဝန်ဆောင်မှုကို Roam Plan ကနေ Global Priority Plan သို့ ပြောင်းလဲဖို့ ကုမ္ပဏီ အသိပေး

-

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံအတွင်းက ဖုန်းလိုင်း၊ အင်တာနက်လိုင်းမရရှိတဲ့ တော်လှန်ရေးနယ်မြေတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတဲ့ ဂြိုဟ်တုစတားလင့်ခ်( Starlink ) အင်တာနက်ဝန်ဆောင်မှုတွေကို Roam Plan (ရွေ့လျားအသုံးပြုနိုင်သည့် အင်တာနက်ဝန်ဆောင်မှုအစီအစဉ်) ကနေ Global Priority Plan (ကမ္ဘာလုံးဆိုင်ရာဦးစားပေး အဆင့်မြှင့်တင်မှု) ပြောင်းလဲအသုံးပြုဖို့ Starlink အသုံးပြုသူတွေထံ ကုမ္ပဏီက အီးမေးလ်ကနေတဆင့် အသိပေးလာပါတယ်။

အသုံးပြုသူတွေထံ ပေးပို့ထားတဲ့ အသိပေးစာမှာတော့ ပိုမိုမြင့်မားတဲ့ Global Priority Plan ကို ပြောင်းလဲအသုံးပြုဖို့ တိုက်တွန်းထားပြီး၊ သတ်မှတ်ထားတဲ့ တိုက်တွန်းချက်အရ မလုပ်ဆောင်ရင် Starlink ဝန်ဆောင်မှုကို ရပ်ဆိုင်းနိုင်ကြောင်း ဖော်ပြထားတယ်လို့ ဆိုပါတယ်။

Starklink အင်တာနက် ဝန်ဆောင်မှုရဲ့ ပုံမှန်အသုံးပြုမှုကိုတော့ ဒီကနေ့ ဇူလိုင် ၁၇ ရက်ကနေလာမည့် ဩဂုတ် ၁၆ ရက်နေ့အထိ တလအတွင်းသာ ဆက်လက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အဆိုပါ အသိပေးစာ ပေးပို့မှုနဲ့ ဆက်စပ်ပြီး ကရင်နီက Starlink Pro Billing Service တာဝန်ခံ တစ်ဦးက အခုလို ပြောပြပါတယ်။

“တကယ်လို့ ကိုယ်က Roam Plan ကိုပဲ ဆက်သုံးမယ် Global Priority Plan ကို မသုံးဘူးဆိုရင် သူတို့က ကိုယ့် စတားလင့်ခ်ကို ပိတ်ချမှာ ဖြစ်တယ်။ Global Priority Plan က ရေရှည်အတွက် စိတ်ချရလားဆိုရင် တိကျသေချာတဲ့ ပေါ်လစီ သူတို့မှာ ချမှတ်ထားတာမရှိသေးဘူး။ သူတို့ရဲ့ customer serving support ကို မေးမြန်းတဲ့အခါမှာလည်း သူတို့က Global Priority Plan နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွက် ရေရှည်သုံးလို့ရတယ်ဆိုတဲ့ဟာ တိကျသေချာတဲ့ မူဝါဒတွေ ပေးထားတာလည်းမရှိဘူး‌ပေါ့နော်။ ဆိုတော့ လောလောဆယ် အနေအထားအရ သူတို့ ပို့လာတဲ့ စာအရဆိုရင် သူတို့ ပိုမိုကြီးမားတဲ့ ပလက်ကို သူတို့ သုံးခိုင်းမယ်။ တကယ်လို့ မသုံးဘူးဆိုရင်သူတို့က ကိုယ့် စတားလင့်ခ် ပိတ်ခံရမယ်။ ဒီလောက်လောက်ပဲ ပြောထားတယ်။”လို့ Starlink Pro Billing Service တာဝန်ခံ တစ်ဦးကဆိုပါတယ်။

မြန်မာနိုင်ငံမှာ အသုံးပြုနေကြတဲ့ Roam Plan က‌တော့ လစဥ် ပုံမှန် စတားလင့်ခ်အင်တာနက် ဘေလ် မြန်မာငွေ ကျပ် ၅သိန်း နဲ့ ၁၀ သိန်း ဝန်းကျင် ဆောင်နေရတာပါ။ လက်ရှိပြောင်းလဲ အသုံးပြုခိုင်းတဲ့ Global Priority Planဟာ ဒေတာပက်ကေ့ချ် ဝယ်ယူသုံးရမှာဖြစ်ပြီး ကိုယ်ဝယ်သုံးတဲ့ ပက်ကေ့ချ် ပမာဏပေါ် မူတည်ပြီး တလကို အနည်းဆုံး မြန်မာငွေ ကျပ်သိန်း ၃၀ ကုန်ကျနိုင်တယ်လို့ ဆိုပါတယ်။

အကုန်ကျများတာကြောင့် Starlink ဘက်က Global Priority Plan နဲ့ ပတ်သက်တဲ့ ရေရှည်အသုံးပြုနိုင်မှုဆိုင်ရာ မူဝါဒတွေကို ထုတ်ပြန်ထားခြင်း မရှိသေးသရွေ့ အသုံးပြုသူအနေနဲ့ ဆက်လက်စောင့်ကြည့်ဖို့၊ ပြီးမှသာ ပြောင်းလဲ အသုံးပြုဖို့ကိုလည်း အဆိုပါ စတားလင့်ခ် ဘေလ်ဝန်ဆောင်မှု တာဝန်ခံက အကြံပြုထားပါတယ်။

“ကျနော့်အနေနဲ့က ကျနော်တို့ ဒေသအတွင်းမှာရှိတဲ့ စတားလင့်ခ်ပိုင်ရှင်တွေအနေနဲ့ လာမည့် ဩဂုတ်လ ၁၆ ရက်နေ့ အထိကိုစောင့်ကြည့်ပြီးတော့မှ သူတို့ဖက် ဘာတွေတောင်းဆိုလာလဲ၊ သူတို့ဖက် မူဝါဒ အကောင်အထည်ဖော်လား မဖော်လား ဆိုတဲ့ဟာကို တချက်စောင့်ကြည့်ပြီးမှပဲ လာမည့် ၁၆ ရက်နေ့မှာ Global Priority Planကို ပြောင်းလဲ ပြီး သုံးသင့်၊ မသုံးသင့်က ဆုံးဖြတ်ရ ပိုအဆင်ပြေလိမ့်မယ်။” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စတားလင့်ခ်ကို တရားဝင်အင်တာနက်ဝန်ဆောင်မှုအဖြစ် အသုံးပြုလို့မရတာကြောင့် စတားလင့်ကို မှတ်ပုံတင်ထားတဲ့ နိုင်ငံ ဒါမှမဟုတ် နယ်မြေတစ်ခုကနေ တခြားပြင်ပ နိုင်ငံတစ်ခုကို ပြောင်းရွေ့တဲ့အခါ ခရီးသွားလာမှုမှတ်တမ်းကို မဖြစ်မနေ ဖြည့်စွက်ရတာပါ။

ခရီးသွားလာမှုမှတ်တမ်းလို့ ပြောတဲ့နေရာမှာ သုံးစွဲသူရဲ့ ပတ်စ်ပို့နံပါတ်နဲ့ မျက်နှာကို စကင်လုပ်ပြီး ကုမ္ပဏီကို တင်ပြရတာဖြစ်ပါတယ်။ ကုမ္ပဏီက မူလမှတ်ပုံတင်ထားတဲ့နိုင်ငံပြင်ပက စက်တွေကို အသိပေးတာဖြစ်ပြီး မူဝါဒအရ လုပ်ဆောင်မှုမပြုလုပ်တဲ့ စက်တွေက အပိတ်ခံရမယ်လို့ နားလည်ရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ