spot_img
Homeသတင်းအာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းဗုံးကြောင့် မြေပဲစိုက်တောင်သူအမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရ

အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းဗုံးကြောင့် မြေပဲစိုက်တောင်သူအမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရ

-

ကန္တာရဝတီတိုင်းမ်

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းက တောင်ယာလုပ်ငန်းခွင်တနေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်မှာ အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြေပဲစိုက်ပျိုးနေတဲ့ တောင်သူတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒရုန်းဗုံးစ ထိမှန်ခဲ့တဲ့ အမျိုးသမီးတဦးဟာ လက်ရှိမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

“တယောက်တော့ ခေါင်းထပ်ထိတာပေါ့၊ နားရွက်နားမှာ ဒါလည်း စိုးရိမ်ရတယ်”လို့ အုပ်ချုပ်ရေးတာဝန်ရှိသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့က အဆိုပါ တောင်ယာလုပ်ငန်းခွင်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၇ နှစ်အရွယ် ကျောင်းသူတဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

“စနေနေ့ ကျောင်းပိတ်လို့ မိဘကူချင်တဲ့ စစ်ရှောင်ကျောင်းသူလေးက တောင်ယာလိုက်သွားရင်း ထိသွားတာပေါ့နော။ ခုတော့ တော်တော်လေး စိုးရိမ်နေရတာပေါ့၊ တောင်ယာခင်းသွားတဲ့ မိသားစုတွေကို လိုက်လံ ဗုံးကြဲတယ်ဆိုတော့၊ နေ့တိုင်းနီးပါး ဒရုန်းက သွားနေတာ” လို့ စစ်ဘေးရှောင်အမျိုးသားတဦးက ပြောပါတယ်။

တောင်ယာလုပ်ငန်းတွေ စတင်လုပ်ကိုင်တဲ့ ဇွန်လကတည်းက တောင်ယာခင်းရှိရာဖက်ကို အာဏာသိမ်းစစ်တပ်က ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေပြီး နေ့စဉ်ရက်ဆက် ဒရုန်းနဲ့ ကင်းထောက်ပျံဝဲတာတွေ ရှိတယ်လို့ ပြောပါတယ်။ ဩဂုတ်လအတွင်း အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦး ဒရုန်းဗုံးကြောင့် ထိခိုက်ခဲ့ပါတယ်။

တောင်သူတွေဟာ စားဝတ်နေရေးအတွက် တောင်ယာစပါးနဲ့ မြေပဲကို အဓိက စိုက်ပျိုးလုပ်ကိုင်ကြတာဖြစ်ပြီး အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် စိုးရိမ်မှုတွေရှိနေပေမယ့် လုပ်ကိုင်နေကြရတယ်လို့ စစ်ဘေးရှောင်အမျိုးသားတဦးက ပြောပါတယ်။

“အရမ်းယုတ်မာသွားပြီ။ အပြစ်မဲ့ပြည်သူတွေကို ဗုံးလိုက်ကြဲရတယ်လို့။ ရှေ့ဆက်ဘယ်လိုလာဖို့ရှိမလဲ မသိသေးဘူး။ အများကြီး စိုးရိမ်နေကြရတယ်”လို့ စစ်ဘေးရှောင်အမျိုးသားတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ဒီးမော့ဆို – ဖရူဆို – ဘောလခဲ ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်ထားပြီး စစ်ကြောင်းထိုးလှုပ်ရှားမှုတွေ ရှိနေသလို စိုက်ပျိုးရေးလုပ်ကိုင်နေသူတွေကိုလည်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ