ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ Starlink ကုမ္ပဏီရဲ့ မူဝါဒအပြောင်းအလဲတွေကြောင့် Starlink အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ ဆိုင်တချို့မှာ ဩဂုတ်လ တတိယပတ်ကစပြီး ဒေတာပမာဏ 1 GB ကို ၁၀၀၀ ကျပ်နဲ့ ရောင်းချလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့စက်တွေက ဒီ 5TB ကျော်တာနဲ့ Warning (သတိပေး) ပုံစံမျိုး အီးမေးလ်ပို့ပြီးတော့မှ သူတို့ စက်ကို Restrict (ကန့်သတ်) လုပ်ထားတယ်ဆိုတဲ့ အကြောင်းပေါ့နော်။ အဲလိုပို့တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ကလည်း ကိုယ့်စက်ကို Restriction မမိချင်တဲ့အတွက် ဒီတလအတွင်း ပျမ်းမျှသုံးတဲ့အသုံးနဲ့ 5TB ကို ချိန်ပြီးတော့ MB ကို လိုအပ်သလို တွက်ချက်ပြီးတော့မှ လောလောဆယ် ပြောင်းရွှေ့ရမယ့်အချိန် ဖြစ်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ သူ့ရဲ့ Billing Cycle (ငွေပေးချေရမည့် သတ်မှတ်ကာလ) ကတော့ ၁၀ ရက်နေ့လည်း ဖြစ်ချင်ဖြစ်မယ်၊ ကိုယ့်ဘေလ်ဆောင်တဲ့ရက်ပေါ် မူတည်ပြီးတော့ ကွာတာမလို့ ကျနော်တို့ ဒီတလအတွင်းမှာ သုံးထားတာများတယ်ဆိုလို့ရှိရင် မဖြစ်မနေ Restriction လုပ်ရမှာပေါ့နော်။ Restriction ဆိုတာက Starlink ဘက်က Restriction လုပ်တာမဟုတ်ဘဲ ကိုယ့်ဘက်က Limit လုပ်တာကို ပြောချင်တာပါ။” လို့ စတားလင့်ဝန်ဆောင်မှုပေးသူ အသက် ၂၉ နှစ်အရွယ်အမျိုးသားတဦးက ပြောပါတယ်။
Starlink အသုံးပြုသူတွေအနေနဲ့ ဝန်ဆောင်မှုကို ဆက်လက်အသုံးပြုနိုင်ဖို့နဲ့ ဝန်ဆောင်မှုပေးနေတဲ့ဘက်ကလည်း Restriction မခံရဘဲ အဆင်ပြေပြေ အသုံးပြုနိုင်အောင် GB နဲ့ ရောင်းချတယ်လို့ ဆိုပါတယ်။ ဒေတာအသုံးပြုမှုနဲ့ လိုအပ်ချက်တွေအပေါ် မူတည်ပြီး ချိန်ညှိကာ ဝန်ဆောင်မှုပေးနေတယ်လို့လည်း သူက ပြောပါတယ်။
အခုလို Starlink ဝန်ဆောင်မှုနဲ့ ဒေတာအသုံးပြုမှုဆိုင်ရာ အပြောင်းအလဲတွေဟာ ပုံသေသတ်မှတ်ထားတာမဟုတ်ဘဲ Starlink ဘက်က ပြောင်းလဲသတ်မှတ်မှုတွေနဲ့ လက်ရှိအသုံးပြုမှုအခြေအနေတွေအပေါ် မူတည်ပြီး ဒေတာပမာဏနဲ့ ဝန်ဆောင်မှုတွေကို လိုအပ်သလို ပြန်လည်ချိန်ညှိနိုင်တယ်လို့ ဆိုပါတယ်။
” အသုံးပြုရတာကတော့ အရင်လိုမဟုတ်တော့ဘူးပေါ့နော။ ကုန်လည်းကုန်မြန်တယ်။ ဒါပေမယ့် အချိန်ပြည့်ဖွင့်ထားတာမျိုးမဟုတ်ပဲ လိုအပ်မှပြန်ဖွင့်သုံးရင်လည်း လိုင်းကရတာမျိုးဆိုတော့ လိုအပ်ရင်သုံးတာမျိုးပေါ့” လို့ ဖရူဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
လက်ရှိမှာတော့ Starlink ဒေတာ 1 GB ကို ကျပ် ၁,၀၀၀ ကနေ စတင်ရောင်းချနေပြီး 3.5 GB ကို ကျပ် ၃,၀၀၀ နဲ့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။ ဆိုင်အများစုမှာတော့ GB နဲ့ ရောင်းချတာမျိုးမဟုတ်ဘဲ အရင်လို နာရီနဲ့အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။
ကရင်နီပြည်က တော်လှန်ရေးအင်အားစုထိန်းချုပ်နယ်မြေတွေမှာ စတားလင့်အင်တာနက်ကို အဓိက အသုံးပြုနေကြတာဖြစ်ပြီး အခုလို GB နဲ့ ပြောင်းလဲရောင်းချတဲ့ဆိုင်တွေကို ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ တွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။






