ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် မာခရော်ရှေ့ကျေးရွာအုပ်စုထဲက စစ်ဘေးရှောင်စခန်းတနေရာကို အာဏာသိမ်းစစ်တပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် စစ်ဘေးရှောင်တွေ ထပ်မံ တိမ်းရှောင်နေရပြီး အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်ကော်မတီဝင် အမျိုးသမီးတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက်နေ့မှာ စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီး စစ်ဘေးရှောင်စခန်းတခုလုံး အရေးပေါ် တိမ်းရှောင်ခဲ့ရသလို လုံခြုံမယ်လို့ယူဆရတဲ့ တောတောင်တွေထဲမှာ ယာယီသွားရောက် နေထိုင်ကြပါတယ်။ လတ်တလောမှာ နေထိုင်ဖို့ တဲအိမ်တွေ ဆောက်လုပ်နိုင်ရေးအတွက် အမိုးအကာ လိုအပ်နေတယ်လို့ ဆိုပါတယ်။
” ယာယီတဲ မဆောက်မီသေးတဲ့ တချို့မိသားစုတွေက နီးစပ်ရာ ရွာခံထဲက အမျိုးအိမ်မှာ ခနသွားနေကြတယ်။ အဓိက ကလေးနဲ့သက်ကြီးပိုင်းမှာ လိုအပ်တာပေါ့။ လောလောဆယ်လည်း မိုးတအားရွာတော့ အဓိကမိုးကာတော့ တအားလိုအပ်နေသေးတယ်”လို့ စစ်ဘေးရှောင်ကော်မတီဝင် အမျိုးသမီးတဦးက ပြောပါတယ်။
လူမှုအသင်းအဖွဲ့တချို့က အမိုးအကာအတွက် ကူညီပေးထားပေမယ့် အိမ်တိုင်း မရရှိသေးဘူးလို့ ပြောပါတယ်။ လတ်တလော မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် မိုးကာအပြင် စားနပ်ရိက္ခာအကူအညီတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
” ယာယီတဲ မဆောက်နိုင်တာ ခက်ခဲတာာကလည်း လာပေးတဲ့ အဖွဲ့ကတော့ အကုန်မပေးသေးဘူး။ ပြီးတော့ စားနပ်ရိက္ခာတွေလည်းလိုအပ်တယ်” လို့ စစ်ရှောင်အရေးကူညီပေးသူတဦးက ပြောပါတယ်။
ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေသလို ဒရုန်းနဲ့ နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတာကြောင့် အနီးအနားက ကျေးရွာခံတချို့လည်း လုံခြုံရေး စိုးရိမ်ပြီး ထပ်မံတိမ်းရှောင်နေကြတယ်လို့ ပြောပါတယ်။
တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်စခန်းတခုနဲ့ ကျေးရွာခံ တချို့အပါဝင် အိမ်ခြေ ၂၀၀ ရှိပြီး လူဦးရေ ၈၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ အမိုးအကာအတွက် အရေးပေါ် လိုအပ်နေတဲ့ အိမ်ခြေ ၅၀ အတွက်သာ ရရှိသေးတာကြောင့် ကျန်ရှိတဲ့ အိမ်ခြေတွေအတွက် အကူအညီတွေ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။







