ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်မှာ တွေ့ရှိရတဲ့ မြေပြင်အခြေအနေနဲ့ တရားရုံးဆီ တက်လာတဲ့အမှုတွေကြောင့် အိမ်ထောင်ရေးဖောက်ပြန်မှုဆိုင်ရာတားဆီးကာကွယ်ရေး ဥပဒေမူကြမ်းရေးဆွဲနေတယ်လို့ ကရင်နီပြည်ကြားကာလလွှတ်တော် ဒုဥက္ကဌလည်းဖြစ်၊ ဥပဒေကြမ်းရေးဆွဲရေးနဲ့ စိစစ်ရေးကော်မတီ ဥက္ကဌလည်းဖြစ်တဲ့ စောအားဒိုက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
“မြေပြင်တွေ့ရှိချက်တွေကြောင့်ပါနော။ ၂၄ – ၂၅ (၂၀၂၄-၂၀၂၅) မှာ တရားရုံး ၊ ရဲစခန်းနဲ့ တရားရေးကို အများဆုံးရောက်တဲ့ cases တွေမှာ ဆေးမှု ၊ အိမ်ထောင်ရေးနဲ့ ဆက်စပ်တဲ့ အမှုတွေ အများကြီးရှိလို့ သက်ဆိုင်ရာ Institution (အဖွဲ့အစည်း) တွေ ဒီလို case ကိုကိုင်တွယ်ဖြေရှင်းနိုင်ဖို့ပါ” လို့ စောအားဒိုက ပြောပါတယ်။
ဥပဒေမှာ အမျိုးသမီးအခွင့်အရေးအတွက် ထည့်သွင်းစဥ်းစားပြီး ရေးဆွဲထားတယ်လို့ စောအားဒိုက ပြောပေမယ့် အသေးစိတ်အချက်အလက်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
ဒီဥပဒေမူကြမ်းကို ကရင်နီပြည်မှာရှိတဲ့ တိုင်းရင်းသား ဓလေ့ထုံးတမ်းတွေ၊ ရေမြေ နဲ့ ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားတွေနဲ့ ကိုက်ညီတဲ့ ဥပဒေတရပ်ဖြစ်လာစေဖို့ ရေးဆွဲနေတာဖြစ်တယ်လို့လည်း ပြည်နယ်ဥပဒေအရာရှိ ခွန်းဂျက်စတင်းက ပြောပါတယ်။
အဆိုပါ ဥပဒေမူကြမ်းဟာ ထိမ်းမြားခြင်းဖောက်ဖျက်တာကိုပဲ အဓိကထားအရေးယူဖို့ ရေးဆွဲထားတဲ့ ဥပဒေဖြစ်တာကြောင့် အမွေခွဲဝေမှုဆိုင်ရာကိစ္စတွေတော့ သိပ်မပါဝင်ဘူးလို့လည်း ခွန်းဂျက်စတင်းက ပြောပါတယ်။
“ကျနော်တို့ဆီကို ရောက်လာတဲ့အမှုတွေက မနည်းဘူးပေါ့နော။ ဒီနှစ်တွေထဲမှာ ၁၀ ထက်မနည်းဘူး။ အောက်ခြေမှာဆို အဲ့ထက်များတဲ့ အနေအထားရှိတယ်ပေါ့နော။ ကျနော်တို့ဆီမရောက်လာခင်မှာ အဲ့ထက်များတဲ့ အနေအထားမျိုးရှိတယ်။ အဲ့ဒီအမှုတွေကို ကျနော်တို့ ဘယ်လိုဖြေရှင်းလဲဆို ကျနော်တို့ လက်ရှိဥပဒေရဲ့ အရင်းအမြစ်က နဲနဲနည်းနေတဲ့ အနေအထားရှိတော့ ကျနော်တို့ လုံးဝ အရေးမယူတဲ့ အနေအထားမျိုးတော့မဟုတ်ဘူးပေါ့နော။ သက်ဆိုင်ရာတချို့သော ရာဇသတ်ကြီး ဥပဒေတွေနဲ့ ကျနော်တို့ အရေးယူတာမျိုးတွေ ရှိတယ်။ သို့သော် လုံးဝ အရေးယူလို့မကိုက်တဲ့ ဟာမျိုးဆိုလို့ရှိရင် ကျနော်တို့ ဆိုင်းထားတဲ့ ဟာမျိုးတွေ ပေါ့နော။ အဲလိုမျိုးတွေရှိပါတယ်။ ဒီနေရာမှာ ကျနော်တို့ ရေးဆွဲနေတဲ့ ဥပဒေတွေထွက်လာပြီဆိုရင် ထိထိရောက်ရောက် အရေးယူနိုင်မှာဖြစ်တယ်” လို့ ခွန်းဂျက်စတင်းက ပြောပါတယ်။
၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ကရင်နီပြည်က တော်လှန်ရေးထိန်းချုပ်နယ်မြေမှာ အိမ်ထောင်ရေးဖောက်ပြန်မှုတွေက နေရာတိုင်းမှာ အနည်းနဲ့ အများရှိနေကြတာကြောင့် ဥပဒေတရပ် ပြဌာန်းနိုင်မယ်ဆိုရင် အမျိုးသမီးတွေအတွက် တရားမျှတမှု ရရှိနိုင်မယ်လို့ မျှော်လင့်ကြောင်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်နေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
“ကြားနေရတယ်။ အိမ်ထောင်ရေးနဲ့ပတ်သတ်ရင် အမျိုးသမီးက အဝေးရောက်နေရင် သူ့အမျိုးသားက အနောက်ကနေ ဖောက်ပြန်တာမျိုးတွေပေါ့။ ဒါမျိုးက တစ်ယောက် နှစ်ယောက်မက ကြားနေရတာလေး။ တချို့ကလည်း နှစ်ယောက်လုံး ဖောက်ပြန်တာမျိုး၊ တချို့ကျတော့လည်း အမျိုးသမီးဖက်က ဖောက်ပြန်တာမျိုးတွေကြားနေရတာပေါ့လေး။ ဒါတွေက များလာရင် ကျမတို့အတွက်၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းအတွက်လည်း မကောင်းပါဘူး။ ဥပဒေတရပ်သာ ထွက်လာရင်တော့ စည်းစနစ်နဲ့ ပြန်နေနိုင်သွားကြမယ်လို့ ထင်တယ်လေး” လို့ အဆိုပါ အမျိုးသမီးတဦးက ပြောပါတယ်။
လက်ရှိရေးဆွဲနေတဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုဆိုင်ရာ ဥပဒေဟာ ပဏာမမူကြမ်းအဆင့်မှာပဲ ရှိသေးတာဖြစ်ပြီး လူထုတွေ့ဆုံပွဲတွေကနေ ရရှိလာတဲ့ အကြံပြုချက်တွေအပေါ် မူတည်ကာ ကြားကာလလွှတ်တော် ဥပဒေကြမ်းကော်မတီအနေနဲ့ ထပ်မံပြင်ဆင်ဖြည့်စွက်တာတွေ ရှိနိုင်သေးတယ်လို့ ခွန်းဂျက်စတင်းက ပြောပါတယ်။







