spot_img
24.6 C
Loikaw
Thursday 2, October 2025
spot_img
Homeသတင်းကျန်းမာရေးFacility Quarantine ဝင်ရောက်သူတွေထဲမှာ ထိုင်းပြန် အများဆုံးဖြစ်

Facility Quarantine ဝင်ရောက်သူတွေထဲမှာ ထိုင်းပြန် အများဆုံးဖြစ်

-

နော်ဒွေးအယ်ခူ

ကယားပြည်နယ် Facility Quarantine ဝင်ရောက်နေသူတွေထဲမှာ ထိုင်းနိုင်ငံကနေပြန်လာသူ အများဆုံးဖြစ်တယ်လို့ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ အချက်အလက်အရ သိရပါတယ်။

“၃လပိုင်း လကုန်ကနေ Quarantine တွေစလုပ်ကတည်းကနေ စုစုပေါင်း တခြားတိုင်းပြည်ကနေ ကယားပြည်နယ်ကိုပြန်လာတဲ့ ပြည်တွင်းကိုပြန်လာတာ သူများတွေမှာ အများကြီးဖြစ်ပေမယ့် ကျတော်တို့ဆီမှာ တအားကြီးမရှိပါဘူး။ စုစုပေါင်းမှ ပြန်လာတဲ့လူဦးရေက Quarantine ထားတာ (၆၃၀)ပဲရှိပါတယ်။ အများဆုံးကတော့ ထိုင်းနိုင်ငံကပြန်လာတာဖြစ်ပါတယ်။” လို့ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်ကပြောပါတယ်။

မေလ ၂ရက်နေ့ကနေ သြဂုတ်လ ၁၆ ရက်နေ့အထိ မြဝတီဂိတ်ကနေတစ်င့် ကယားပြည်နယ်ထဲကို ပြန်လာသူ ၃၉၇ ဦးရှိခဲ့တယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ရုံးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြပါရှိပါတယ်။

ဧပြီလ ၁၅ရက်နေ့ကနေ သြဂုတ်လ ၁၇ရက်နေ့အထိ COVID-19 ဓါတ်ခွဲနမူနာယူထားတဲ့ စာရင်းအရ ပြည်ပနိုင်ငံကနေပြန်လာသူ (၆၃၀)ဦးရှိပြီးတော့ ပြည်တွင်းပြန် (၉၄)ဦးရှိတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလမှ သြဂုတ်လ ၁၇ရက်နေ့အထိ ဓါတ်ခွဲနမူနာယူထားတဲ့ PUI၊ FO၊ Health Staff ၉၃၇ဦးရဲ့ စာရင်းအရ ဓါတ်ခွဲနမူနာယူခဲ့တဲ့အရေအတွက် (၁၀၀၅)ကြိမ်ရှိပြီး ပိုးမတွေ့ ၉၁၂ဦး၊ အဖြေစောင့်ဆိုင်းဆဲ ၂၅ဦး၊ မပို့ရသေးတဲ့ဓါတ်ခွဲနမူနာ(၁၇)ဦး နဲ့ ဓါတ်ခွဲနမူနာမယူသူ ၆ ဦးရှိပါတယ်။

“ခုလက်ရှိ ကျတော်တို့ပို့ထားတာ ၂၅ယောက်ရှိပါတယ် နောက်ထပ် ထပ်ပို့ဖို့ ၁၇ယောက်ကျန်ပါသေးတယ်။ ၇ ရက်ပြည့်တဲ့အခါ နောက်တစ်ပတ်ကျရင် ကျန်တဲ့ ၁၇ယောက်ကိုလည်း ထပ်ပို့မှာ”လို့ ဒေါက်တာဌေးလွင်ကဆက်ပြောပါတယ်။

COVID-19ကာကွယ်ကုသရေးလုပ်ငန်းဆောင်ရွက်တဲ့အခါ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရန်ပုံငွေ (၁၄)သန်း၊ ကုသရေးဦးစီးဌာနမှ (၉.၁)သန်း၊ ပြည်နယ်အစိုးရမှ ဆေးရုံပြင်ဆင်ရန်နှင့် ဆေး၊ ဆေးပစ္စည်းဝယ်ယူဖို့ (၂၂၃.၁၁၈)သန်း ပံ့ပိုးထားတယ်လို့ သိရပါတယ်။

ပြည်နယ်ရှိ မြို့နယ်တွင်း မြို့ အဝင်အထွက်ဂိတ် (၁၆)ဂိတ်၊ လွိုင်ကော်လေဆိပ်နှင့် ထိုင်းနယ်စပ်ဂိတ် (၃)ခုမှာ COVID-19ပူးပေါင်းစစ်ဆေးရေးအဖွဲ့နဲ့အတူ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရွှေလွိုင်ကော်ပရဟိတအဖွဲ့၊ စေတနာ့ဝန်ထမ်းတွေက သြဂုတ်လ ၁၇ရက်နေ့အထိ လူဦးရေ လေးသိန်းကျော်ကို ကိုဗစ်ရောဂါစောင့်ကြပ် ကြည့်ရှုရေး ဆောင်ရွက်ခဲ့တယ်လို့ ဒေါက်တာကပြောပါတယ်။

သြဂုတ်လ ၁၇ရက်နေ့မှာ Facility Quarantine ဆောင်ရွက်ထားရှိမှုအခြေအနေမှာတော့ လွိုင်ကော်ပညာရေးကောလိပ်တွင် ၅၄ဦး၊ ဒီမော့ဆို စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် ၃၁ဦး၊ ဖရူဆိုမြို့နယ်ခန်းမတွင် တစ်ဦး၊ မယ်စဲ့အားကစားခန်းမနှင့် မြို့နယ်ခန်းမတွင် တစ်ဦးစီ စုစုပေါင်း ၈၈ဦးရှိပါတယ်။

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာတော့ Hospital Quarantine ထားရှိသူ လူနာတစ်ဦးနဲ့လူနာစောင့်တစ်ဦး စုစုပေါင်း နှစ်ဦးရှိပါတယ်။

ကယားပြည်နယ်မှာ မတ်လ ၂၈ရက်နေ့မှ သြဂုတ်လ ၁၇ရက်နေ့အထိ Facility Quarantine ဝင်ရောက်သူအရေအတွက် (၂၀၈၆)ဦးရှိပါတယ်။

Facility Quarantine Site မှာ လက်ရှိအရေအတွက်နဲ့ လျာထားမှု စုစုပေါင်း (၂၁)နေရာရှိပြီး ဝင်ဆံနိုင်သူ ဦးရေ ၈၀၀ခန့်ရှိတယ်လို့ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ အချက်အလက်အရသိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ