ရေမရမှာ ပူပန်ရသလို မြေးတွေငတ်မှာလည်း စိုးရိမ်ရတဲ့ အဖွား

0
338

ခွန်းကလိုင်းဖရီး၊ စိုးရယ်

ဒေါ်ဖောဝါးတစ်ယောက် မြေးလေးတွေ ပျော်ရွှင်နေတာကို မြင်ရင် ကြည်နူးရသလို သူတို့လေးတွေ ဂျီကျငိုယိုနေတဲ့အခါကျရင်လည်း ဆူရ၊ ငေါက်ရနဲ့ စိတ်ရှုပ်ရပြန်ပါတယ်။

အသက် ၅၇ နှစ်အရွယ် ဒေါ်ဖောဝါးဟာ သား၊သမီး ၆ ယောက်ရှိပြီးတော့ မြေး ၁၁ ယောက်ရဲ့ အဖွားတစ်ဦးဖြစ်ပါတယ်။ အဲ့ဒီမြေးလေးတွေထဲမှာမှ ဖိုးဘူး၊ ဖိုးဘျား၊ ဖိုးတခဲဆိုတဲ့ အသက်သုံး နှစ်အရွယ် မြေးမလေး အမွှာသုံးဦးရှိပါတယ်။

ဒီမြေးလေးသုံးယောက်ရဲ့ မိခင်ကတော့ သူတို့ကို ခွဲမွေးပြီးခြင်း ဆေးရုံမှာ ဆုံးပါးသွားခဲ့ရတယ်လို့ အဖွားဖြစ်သူ ဒေါ်ဖောဝါးက ပြောပါတယ်။

မွေးမိခင်သမီးလေးဆုံးသွားတော့ ကျန်ရစ်တဲ့ မြေးလေးသုံးဦးရဲ့ ဝေယျာဝိစ္စတွေဟာ အဖွားဖြစ်သူရဲ့ တာဝန် ဝတ္တရားဖြစ်လာပါတယ်။ ကလေးရဲ့ ဖခင်က မွေးကင်းစသူ့သမီးအမွှာတွေကို မပြုစုမစောင့်ရှောက်တတ်လို့ ဒေါ်ဖောဝါးရဲ့ အငယ်ဆုံးသမီးကပဲ သူ့အစ်မကချန်ခဲ့တဲ့ ကလေးတွေရဲ့ မွေးစားမိခင်အဖြစ်တာဝန်ခံပြီး ပြုစုပျိုးထောင်ကူ ပါတယ်။ အခုဆိုရင် ကလေးအမေဆုံးပါးသွားတာ သုံးနှစ်ခွဲ တောင်ရှိပါပြီ။

ဒေါ်ဖောဝါးတို့နေထိုင်တဲ့ ဖရူဆိုမြို့နယ်အရှေ့ခြမ်း ကေးလျားကျေးရွာအုပ်စုဟာ နွေရာသီဆိုရင် နှစ်စဉ်ရေ အခက်အခဲနဲ့ ရင်ဆိုင်ရပါတယ်။ ထီးသဲကူးကျေးရွာကတော့ အုပ်စုတွင်း ရေအခက်အခဲဆုံးကျေးရွာတွေထဲက တစ်ရွာအပါအဝင်ဖြစ်ပါတယ်။

“တစ်ရက်ဆို ပုံးဝါ သုံးပုံးကုန်တယ်၊ အဖွားမြေးအမွှာသုံးယောက်ရဲ့ အဝတ်လျှော်ရင် အများကြီးကုန်တယ်။ စားဖို့သောက်ဖို့ပဲ ပြောရမယ်ဆိုရင် သုံးပုံးကုန်တယ်။ မြေးတွေရဲ့ အဝတ်အစားလျှော်ရင်တော့ ပုံးဝါနဲ့ဆို ၁၀ ပုံးလောက်ကုန်တယ်။” လို့ ဒေါ်ဖောဝါးကပြောပါတယ်။

ရွာသူ၊သားတွေ အသုံးပြုတဲ့ ရေထွက်တဲ့ နေရာနှစ်ခုရှိပေမယ့် ရွာနဲ့ဆို ၃ မိုင်ခရီးလောက်ဝေးတယ်လို့ ဆိုပါတယ်။ ဆိုင်ကယ်နဲ့ ထော်လာဂျီစက်တွေ မရှိတဲ့ မိသားစုတွေကတော့ ရေကို ဝယ်သုံးနေရတာပါ။ ၅ ဂါလန်ဆန့် ရေပုံးဝါတစ်ပုံးကို ၃၀၀ ကျပ်ပေးဝယ်ရပါတယ်။ ရေဖိုးမတတ်နိုင်လို့ တောင်ယာ နေ့စားအငှားလိုက်ရင် တစ်နေ့ကို ရေပုံးဝါ ၁၀ ပုံးကို လုပ်အားခအနေနဲ့ ရတယ်လို့ ဆိုပါတယ်။

ဒေါ်ဖောဝါးကတော့ အသက်လည်းကြီးလာလို့ တောင်ယာအငှားမလိုက်နိုင်တာ ၆ နှစ်လောက်ရှိပြီလို့ဆိုပါတယ်။ အိမ်အတွက်လိုအပ်တဲ့ရေကို သမီးအငယ်ဆုံးတစ်ယောက်ကပဲ တောင်ယာအငှားလိုက်ရင်းရှာနေရပါတယ်။

နေ့တွက်ခ အတွက် တစ်နေ့ ကို ရေပုံးဝါနဲ့ ၁၀ ပုံးရပေမယ့် အငှားမလိုက်နိုင်တဲ့အခါမှာတော့ ရေကိုဝယ်ယူသုံးစွဲနေရတယ်လို့ ဒေါ်ဖောဝါးက ဆိုပါ တယ်။

“အဖွားက အိုလည်းအိုနေပြီ။ ဒါပေမယ့် မြေးလေးတွေကိုတော့ ကြည့်ရှုစောင့်ရှောက်တယ်။ အလုပ်ကိုတော့ သွားမလုပ်နိုင်တော့ဘူး။ မြေးလေးတွေကိုပဲကြည့်ရမယ်။ တောင်ယာတော့ မသွားတော့ဘူး။ သမီးအငယ်ဆုံး တစ်ယောက်ကိုပဲ အားကိုးရတယ်။”

ထီးသဲကူးရွာမှာ နိုင်ငံတကာအလှူရှင်အဖွဲ့တွေက ဆောက်လုပ်ပေးထားတဲ့ မိုးရေလှောင်ကန် ၇ လုံးရှိပေမယ့် အောက်တိုဘာလလောက်ကတည်းက ခပ်ယူသုံးစွဲနေရလို့ နွေရာသီဆို လှောင်ကန်ထဲကရေတွေ ကုန်သ လောက်ဖြစ်သွားပြီလို့ ထီးသဲကူးကျေးရွာအတွင်းရေးမှူး ဦးထိုးရွှေကဆိုပါတယ်။

“ကျနော်တို့ ဒီလိုမျိုးခွဲတဲ့အချိန်မှာ ပုံးဝါအနေနဲ့ ၅ ဂါလန်ပုံးတွေနဲ့ဆို တစ်အိမ်ထောင်ကို ၅ ပုံး အဲ့လိုမျိုးပဲ ပြန်ခွဲပေးကြတယ်။ အဲ့ဒါကျတော့ ရေပေါ်မှာပဲ မူတည်တာပေါ့နော်။ တကယ်လို့ ရေများသေးရင်တော့ များသလို ခွဲကြတယ်။ ရေနည်းသွားရင်တော့ အကုန်ခပ်လို့လည်း အဆင်မပြေဘူး။ အကုန်ခပ်မယ်ဆိုရင်လည်း ကျနော်တို့ ရေကန်က ကွဲသွားမှာစိုးလို့ အဲ့ဒါနဲ့ ချန်ထားရသေးတယ်လေ။” လို့ ဦးထိုးရွှေကပြောပါတယ်။

ငွေ တစ်သောင်းကျပ်လောက်တတ်နိုင်ရင်တော့ ရေရောင်းတဲ့သူတွေဆီက ရေ လီတာ ၁၀၀၀ ပုံးတစ်ပုံးလောက် ဝယ်ယူလို့ရနိုင်ပါတယ်။ ဒေါ်ဖောဝါးကတော့ ရေဝယ်ဖို့အတွက် ဦးစားပေးနေရလို့ ဟင်းကောင်းတွေလည်း ဝယ်မစားနိုင်တော့ဘူးလို့ ဆိုပါတယ်။

“မြေးလေးတွေကို တစ်ခါတစ်လေဟင်းကောင်းတွေ ကျွေးချင်တယ်။ အသားတို့၊ ဆီတို့ပါတဲ့ ဟင်းတွေ ကြက်သွန်နီတို့၊ ဒါပေမယ့် ပိုက်ဆံမရှိတော့ ဝယ်မကျွေးနိုင်ဘူး။” လို့ ဒေါ်ဖောဝါးကပြောပါတယ်။

ဟင်းသည်တွေလာရောင်းတဲ့ မုန်ညှင်း၊ ကြက်ဥ၊ အာလူးနဲ့ ခရမ်းချဉ်သီးဟင်းတွေကတော့ သူ့မြေးတွေကို ဝယ်ကျွေးနိုင်တဲ့ အကောင်းဆုံး ဟင်းလျာတွေပဲဖြစ်ပါတယ်။

ကြက်ဥပြုတ်ချက်ကျွေးတဲ့အခါဆိုရင်လည်း မြေးလေးတွေကို ခွဲတမ်းနဲ့ အဝေတည့်အောင် စီမံရပါတယ်။ ဟင်းအဝေမတည့်တဲ့အခါဆိုရင် ထမင်းဝိုင်းမှာ ငိုသံတွေနဲ့ ဆူညံနေတတ်ပါတယ်။

ဒေါ်ဖောဝါးဟာ မြေးအမွှာသုံးဦးကိုပဲ ပြုစုစောင့်ရှောက်နေရတာတော့ မဟုတ်ပါဘူး။ တခြားသူ့သား၊ သမီးတွေက တောင်ယာသွားတဲ့အချိန်ဆိုရင် သူတို့ရဲ့ သားသမီးတွေကို ဒေါ်ဖောဝါးအိမ်မှာပဲ လာအပ်ထားကြပါတယ်။

“မြေးလေးနဲ့တူတူနေရတာပျော်တယ်။ ကျန်းမာရေးအခြေအနေကောင်းရင်တော့ အဒေါ်အရမ်းပျော်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမြေးလေးတွေ ဖျားရင်တော့ အဒေါ်က စိတ်တောင်တိုတယ်။ စိတ်ဖိစီးမူရှိလာတယ်။” လို့ ဒေါ်ဖောဝါးကပြောပါတယ်။

နွေရာသီရေရှားတဲ့အခါမှာ ထီးသဲကူးကျေးရွာလူထုတွေဟာ ဖရူဆိုမြို့ပေါ်နဲ့ ဒီးမော့ဆိုမြို့အထိလည်း ရေရဖို့ အတွက် သွားရပါတယ်။ ထီးသဲကူးကျေးရွာဟာ အိမ်ခြေ ၁၀၂ အိမ်ရှိပြီးတော့ လူဦးရေ ၅၀၀ နီးပါးရှိတဲ့ ကျေးရွာဖြစ်ပါတယ်။

ရေဝယ်နိုင်တဲ့အခါဆိုရင် ဒေါ်ဖောဝါးရဲ့ ရေစည်ထဲမှာ ရေတွေပြည့်နေတတ်ပြီး သူ့ရဲ့ မြေးလေးတွေကလည်း ရေချိုးပေးဖို့ ပူဆာကြပါတယ်။

“ရေမရှိတော့ ချွေတာသုံးရအောင်ပြောတော့ ရေမချိုးပေးရင် မြေးလေးတွေက ငိုတယ်။ ရေရှိတဲ့ချိန်တော့ တစ်ရက်တစ်ခါလောက်ပဲချိုးပေးလေ့ရှိတယ်။ အဒေါ်ကတော့ တစ်ပတ်မှာတစ်ခါပဲ ချိုးရတယ်။ ရေမရှိတော့ ရေချိုးလို့မရဘူးလေ။ ဒါပေမယ့် ရေမချိုးလည်း နေထိုင်ရတာ အဆင်မပြေဘူးလေ။” လို့ ဒေါ်ဖောဝါးကပြောပါတယ်။

ဒေါ်ဖောဝါးဟာ စားသောက်ဖို့အတွက် သူ့သားသမီးတွေလုပ်ကိုင်ပေးတဲ့ တောင်ယာကရတဲ့ စပါးတွေကိုပဲ ကြိတ်ခွဲစား သောက်ရတာပါ။ တခါ ယာခင်းထဲကထွက်တဲ့ ပြောင်းကောက်နဲ့ မြေပဲတွေကို ရောင်းချရင် ရေဝယ်ဖို့အတွက် ပိုက်ဆံရပါတယ်။

နေ့စဉ်မြေးလေးတွေနဲ့ အလုပ်ရှုပ်နေရတဲ့ ဒေါ်ဖောဝါးဟာ သောက်သုံးရေအတွက် ပူပင်ရသလို မြေလေးတွေ ငတ်မှာလည်း စိုးရိမ်ရတဲ့အတွက် ဟင်းဖို့နဲ့ ရေဖိုးမျှအောင်သုံးဖို့ကတော့ သူရဲ့ စီမံခန့်ခွဲမှုအပေါ်မှာပဲ မူတည်နေပါ တော့တယ်။

Comments

comments