ကန္တာရဝတီတိုင်း(မ်)
စစ်ရှောင်စခန်းတွေကနေ နေရပ်ကို ပြန်လာနေထိုင်ကြတဲ့ ရှမ်း-ကရင်နီ နယ်စပ်၊ မိုးဗြဲ နဲ့ ဖယ်ခုံဖက်ခြမ်းက လူထုတွေကို စစ်ကော်မရှင်က လနဲ့ချီပြီး ထိန်းသိမ်းထားလေ့ရှိတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ အတွင်းရေးမှူး(၂) ဆရာဗညားက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“အမှန်ကတော့ အခုမှမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ဒီအထူးသဖြင့် ဒီမိုးဗြဲ ဖယ်ခုံ မြို့ပေါ် မှာ ပြန်လာနေကြတဲ့ လူတွေကို သူတို့က ၃လ ထားတယ်ပေါ့နော်။ အရင်က ဖယ်ခုံမှာဆို ၃ လထားတယ်။ သူတို့ကျောင်းတွေမှာပေါ့ ပြီးတော့ မှ အိမ်ပြန်နေခွင့်ပေးတယ်ပေါ့နော်။ ထို့အတူပဲ အခု မိုးဗြဲ ဖယ်ခုံ ပြန်လာကြတဲ့ အရင်တလောလည်း အားလုံးကြားမှာပါ။ အဲ့အတိုင်းပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ အတိအကျတော့ မသိဘူး။ အဲ့လို လ နဲ့ချီထားနိုင်တာရှိပါတယ်။ ” လို့ ဦးဗညားက ဆိုပါတယ်။
လက်ရှိမှာတော့ ထိန်းချုပ်ခံရတဲ့ မိုးဗြဲနေရပ်ပြန် လူထုတွေရဲ့ အခြေအနေ အတိအကျ မကြားသိရသေးကြောင်းနဲ့ ထိန်းသိမ်းကာလကလည်း အပြောင်းအလဲတွေ ရှိနေပြီး အချိန်ကာလအားဖြင့် အရင်ကထက် ကာလတို ထိန်းသိမ်းထားသွားနိုင်ကြောင်းကိုလည်း ဦးဗညားက ဆိုပါတယ်။
” ပြန်နေဖို့တော့ အစီစဉ်မရှိသေးဘူး။ မပြန်ရဲဘူး။ ပြန်နေတဲ့သူတွေကိုလည်း သူတို့တွေက သနားဖို့ကောင်းတယ် လို့ မြင်မိတယ်။ စစ်ရှောင်နေရတော့ အခက်အခဲအများကြီးရှိတော့ ပြန်နေရရင် လယ်လုပ်စားရဖို့မျော်လင့်ချက်နဲ့ ပြန်ကြတာလို့တော့မြင်တယ်။ နောက်ပြီးတော့ သူတို့ ပိတ်မိပြီး မလွဲမသာ ပြန်နေနေရတာမျိုးလည်း ဖြစ်နိုင်မယ် ထင်တယ်။”လို့ စစ်ရှောင်နေတဲ့ မိုးမြဲမြို့ခံ အမျိုးသားတစ်ဦးကဆိုပါတယ်။
ပြန်သွားတဲ့ စစ်ရှောင်လူထုတွေဟာ ကိုယ်ပိုင်လယ်ယာတွေကို လုပ်ကိုင်စားသောက်ဖို့ ရည်ရွယ်ထားကြပေမဲ့လည်း လက်ရှိမှာတော့ စစ်အုပ်စုက သူတို့ကို ဘုန်းကြီးကျောင်းထဲမှာ ထိန်းသိမ်းထားပြီး အပြင်ထွက်ခွင့်မပေးပဲ လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို ဖယ်ခုံမြို့ပေါ်မှာ အကန့်အသတ်နဲ့ သွားဝယ်ယူပေးနေတာရှိတယ်လို့ အခြေအနေကို ကြားသိရတဲ့ မြို့ခံ စစ်ရှောင်တွေကပြောပါတယ်။
လက်ရှိ မိုးဗြဲကို ပြန်လည်ဝင်ရောက်လာသူတွေဟာ မိုးဗြဲမြို့နဲ့ နီးတဲ့ နေရာတွေမှာ စစ်ဘေးတိမ်းရှောင်ခဲ့ကြတဲ့ သူတွေ အများစုဖြစ်ပြီး စည်ကားရပ်ကွက်၊ ဈေးကုန်းနဲ့မြို့မရပ်ကွက် ကလူထုတွေ ပါတယ်လို့ ဆိုပါတယ်။
မြို့ပေါ် ပြန်လာနေထိုင်ကြတဲ့ လူထု လူဦးရေ အတိအကျတော့ မသိရသေးပဲ ထိန်းသိမ်းခံရတာ ၂ ပတ်ဝန်းကျင် ရှိနိုင်တယ်လို့ မြို့ခံစစ်ရှောင်တွေက ပြောပါတယ်။
လက်ရှိ မိုးဗြဲမှာလည်း မြေပြင် နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး နှစ်ဖက် အထိအခိုက် ကျဆုံးမှုတွေရှိနေသလို လူထုတွေ လုံခြုံရေး သတိရှိကြဖို့ကိုလည်း ယမန်နေ့ မေလ ၂၁ ရက်နေ့မှာ မိုးဗြဲ PDF က အသိပေးထားတာရှိပါတယ်။






