spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာ တစ်ပတ်စာသာကျန်ရှိ

Author

Date

Category

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ စစ်ဘေးရှောင် ၂ သောင်းနဲ့အထက် ရှိတဲ့ နေရာတွေမှာ စားနပ်ရိက္ခာ တစ်ပတ်စာသာ ကျန်နိုင်တော့တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးထံကနေ သိရပါတယ်။

“ တောထဲနေတဲ့အတွက် သွားလာရေးလမ်းကြမ်းတယ်။ စားဖို့သောက်ဖို့လည်း တစ်ပတ်စာလောက်ဘဲခံနိုင်မယ်။ ရက်ကြာကြာမတောင့်ခံနိုင်ဘူး။” လို့ သူက ပြောပါတယ်။

ဒီးမော့ဆိုအရှေ့ခြမ်းရှိ ပြည်သူတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပြီး ဇွန်လ ၁၁ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ပြီး ကျေးရွာတွေထဲ ကျလာတာကြောင့် ကျေးရွာ ၈ နီးပါး ရွာလုံးကျွတ် ထပ်မံထွက်ပြေးတိမ်းရှောင်ကြရပြီး ကျေးရွာတွေမှာ ရွာလုံခြုံရေးယူပေးနေတဲ့သူတွေသာ ကျန်ရှိတယ်လို့ သိရပါတယ်။

အလှူရှင်တွေမရောက်ရှိသေးတဲ့ နေရာတွေမှာ စစ်ဘေးရှောင်အချင်းချင်းသာ ကူညီမျှဝေကြတာဖြစ်တဲ့အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးတွေ ပိုပြီးကုန်မြန်တယ်လို့ သိရပါတယ်။ ရိက္ခာခြောက်၊ ဆေးဝါး၊ ရေ၊ မိုးကာ စတာတွေဟာ စစ်ရှောင်တွေအတွက် အဓိက လိုအပ်ချက်ဖြစ်တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

“ အလှူရှင်တွေက အဝေးကနေမှ မလာပဲ။ အချင်းချင်းပဲ ပြန်ကူညီကြတယ်လေ။ အဲ့ခါကျတော့ ရွာကကျန်တဲ့ စပါးတွေကိုလည်း ပြန်ယူတာတို့၊ ထောင်းတာတို့က ဘယ်လိုမှ မလုပ်နိုင်ကြတော့ဘူးလေ။ အဲ့ဒါကြောင့် ကျမတို့ တစ်ပတ်စာပဲ ကျန်တော့တယ် ဆိုတာက အမှန်ကန်ဆုံးပဲ။” လို့ စစ်ဘေးရှောင်ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ တစ်သိန်းကျော်ရှိနေပြီဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်ဦးရေအများဆုံးဖြစ်တယ်လို့ သိရပါတယ်။ တချို့သော စစ်ဘေးရှောင်တွေမှာ အသက်လွတ်ရုံသာ ပြေးနေရတဲ့အတွက် တဲထိုးနေဖို့ မိုးကာတွေမသယ်ဆောင်လာနိုင်တော့တဲ့အတွက် နေရာထိုင်ခင်း အခက်အခဲရှိတယ်လို့လည်း သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ နေရာပြန့်ကျဲနေတဲ့အတွက် ကူညီဆောင်ရွက်သူတွေအနေနဲ့ နေရာစုံအောင် လှည့်ပတ်မသွားနိုင်သေးဘူးလို့ နောက်ထပ် စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။

“ အဓိကက အစားအစာပေါ့။ နောက်တစ်ခုက နေရာထိုင်ခင်းထဲမှာမှ အဓိက မိုးကာပေါ့။ အခုက မိုးရာသီဆိုတော့ မိုးကာလိုအပ်တယ်။ နောက်ပြီး ဆေးဝါးပေါ့။ ဆေးဝါးဆိုရင် အခြေခံဆေးဝါးတွေ ဥပမာ ခေါင်းကိုက်တာတို့၊ ဖျားနာတာတို့၊ ဗိုက်နာတာတို့ အဲ့လိုမျိုးတွေ အားလုံးရှိထားနိုင်ရင်တော့ ပိုကောင်းတာပေါ့။” လို့ သူက ပြောပါတယ်။

အစာအိမ်၊ သွေးတိုး၊ ဆီးချို စတဲ့ရောဂါအခံရှိတဲ့ သက်ကြီးရွယ်အိုတွေလည်း ဆေးဝါးပြတ်လပ်မှုတွေနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်ရှိတဲ့နေရာတွေကို စားနပ်ရိက္ခာ၊ ဆေးဝါးများ ရောက်အောင် သယ်ယူပို့ဆောင်ခွင့်ပေးဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းများကလည်း ကူညီဆောင်ရွက်ပေးဖို့ စစ်ဘေးရှောင်ပြည်သူများကို ကူညီဆောင်ရွက်ပေးနေသူတွေက တောင်းဆိုသွားကြပါတယ်။

spot_img
spot_img

Recent posts