Monday, September 20, 2021

ကရင်နီတပ်မတော် ( KA) နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တနေ့အတွင်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွား

Photo – KnIC

ကန္တာရဝတီတိုင်း(မ်)

ယနေ့ ဇူလှိုင်လ ၁၂ ရက်နေ့တွင် လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့ အရှေ့ဖက်ခြမ်းမှာ ကရင်နီတပ်မတော် ( KA)ရဲ့ နည်းဗျူဟာ (၁) လက်အောက်ခံ အမှတ် (၃) တပ်ရင်းနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တပ်မ (၆၆)၊ ၅၃၀ တပ်တို့ အပြန်အလှန်ပစ်ခတ်မှု ၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ အမှတ် (၃) တပ်ရင်းရဲ့ တာဝန်ရှိသူ တစ်ဦးဆီကနေ သိရပါတယ်။

“ ဒီနေ့မနက် ၈ နာရီကျော်လောက်မှာ ၅၃၀ တပ်နဲ့ ပြည်သူ့စစ် ပေါ့နော။ နားကွယ်နဲ့ တီးလုံကြားမှာ ပစ်တယ်။ ဒါကတော့ မနက်တုန်းကပေါ့နော။ မွန်းလွှဲပိုင်း ၁ နာရီ မိနစ် ၄၀ လောက်မှာ တပ်မ ၆၆ က ဝင်လာတော့ ကွန်နားရွာတောင်ဘက်၊ ဝမ်ခိုင်းရွာအနောက်ဘက်မှာ ပစ်ကြတယ်။ ညနေပိုင်း ၄ နာရီ ၄၀ လောက်မှာ ဒေါတဟေးရွာ အရှေ့ဖက်မှာ ပစ်တယ်။ ၆ နာရီ ၁၁ မိနစ်လောက်မှာက ဒေါတဟေးအရှေ့ဖက်မှာပဲ ထပ်ပြန်ပစ်တယ်။ အခုထိ စစ်ကောင်စီဖက်က လက်နက်ကြီးတွေနဲ့ ထုနေတယ်။ ကျနော်တို့ဖက်တော့ ပြန်မပစ်တော့ဘူး။ ဒါပေမယ့် သူတို့ကတော့ ဆက်ပစ်နေတယ်။” လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယခု တိုက်ပွဲမှာ ကရင်နီတပ်မတော် (KA) ရဲ့ အမှတ် ၃ တပ်ရင်း လှုပ်ရှားနယ်မြေထဲကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ဝင်ရောက်လှုပ်ရှားလာတဲ့အတွက် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

“ ကျနော်တို့ကတော့ ကိုယ့်နေရာကို နေတာပဲလေ။ သူတို့ဖက်က ရှေ့ဆက်လာရင်တော့ ဆက်ဖြစ်မှာပဲ။” လို့ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ယနေ့တိုက်ပွဲမှာ ကရင်နီတပ်မတော်က ထိခိုက်မှု မရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး အတိအကျကိုတော့ မသိရှိရသေးဘူးလို့ ၎င်းက ဆက်ပြောပါတယ်။

ကရင်နီတပ်မတော်ရဲ့ နယ်မြေထဲကို ဝင်ရောက်လှုပ်ရှားလာတဲ့အပြင် ကျေးရွာအတွင်းရှိ ဒေသခံတွေရဲ့ ကြက်တွေကိုလည်း လိုက်လံပစ်ခတ်ပြီး ဖမ်းစားတယ်လို့ သိရပါတယ်။

ကရင်နီပြည်လူထုတွေကို သတိနဲ့နေကြဖို့နဲ့ အခြေအနေစောင့်ကြည့်ပြီး ရှောင်သင့်ပါက ရှောင်ထားကြဖို့ ကရင်နီတပ်မတော် အမှတ် (၃) တပ်ရင်းရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“ ဒေသခံတွေကို ပြောချင်တာက သတိနဲ့နေကြပါပေါ့နော။ အခြေအနေလည်း စောင့်ကြည့်ပြီးတော့ ရှောင်သင့်ရင်လည်း ရှောင်ကြပါ။ အဆင်ပြေသွားမှာပါ။ ကျနော်တို့လည်း ပြည်သူတွေအတွက် ဆုတောင်းပေးပါတယ်။” လို့ သူက ပြောပါတယ်။

ကျေးရွာအနီးမှာ ပစ်ခတ်မှု ဖြစ်ပွားတာကြောင့် လွိုင်လင်လေးမြို့ အရှေ့ဖက်ခြမ်းရှိ ကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ ပစ်ကြတာ သေချာတယ်။ ကျနော်တို့နဲ့ မနီးမဝေးလေးမှာပဲ။ အကုန်လုံးရှောင်ကြတယ်။ ရွာမှာ မရှိတော့ဘူး။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ညနေ ၇ နာရီနောက်ပိုင်းမှာ အပြန်အလှန် ပစ်ခတ်မှု မရှိတော့ပေမယ့် အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာထဲကို လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်မှု ဆက်လက်ပြုလုပ်နေတယ်လို့ ကရင်နီတပ်မတော် အမှတ် (၃) တပ်ရင်းရဲ့ တာဝန်ရှိသူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ညနေ ၇ နာရီ ၁၅ မိနစ်မှာ ပြောပါတယ်။

More from the blog

ဆေးဝါး၊ ရိက္ခာသယ်ယူတဲ့ စေတနာ့ဝန်ထမ်းကား သေနတ်ပစ်ခံရ

ကန္တာရဝတီတိုင်း(မ်) စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါး၊ ရိက္ခာသွားယူပြီး လွိုင်ကော်မြို့မှ ဒီမော့ဆိုမြို့ဖက်သို့ ပြန်လာတဲ့ စေတနာ့ဝန်ထမ်းတစ်ဦးရဲ့ကား ဒီကနေ့ (စက်တင်ဘာလ ၁၇ ရက်နေ့ ) နံနက်ပိုင်းမှာ သေနတ်နဲ့ အပစ်ခံရတယ်လို့ ဒီမော့ဆိုမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်မှုကြောင့် ကရင်နီတပ်မတော်မှတပ်ကြပ်ကြီးတစ်ဦး ကျဆုံး

ကန္တာရဝတီတိုင်း(မ်) ယမန်ညက ဒီမော့ဆိုမြို့နယ် ဒေါပိုးစီနဲ့ ၆ မိုင်ကျေးရွာအနီးတစ်ဝိုက်မှာ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ပူးပေါင်းပြီး အကြမ်းစစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ကရင်နီတပ်မတော်မှ တပ်ကြီးကြီးအဆင့်ရှိသူ တစ်ဦး...

စစ်ကောင်စီက စစ်ကြောင်းထိုးရင် ဖမ်းဆီးခံရသူများ ပြန်လွှတ်သူ မရှိသေး

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးရင်းဖမ်းသွားတဲ့သူ ဩဂုတ်၂၇ရက်နေ့ကနေ စက်တင်ဘာလ၈ရက်နေ့အတွင်း ၂၅ဦး ရှိနေပြီး ပြန်လွှတ်လာတဲ့သူ မရှိသေးဘူးလို့ ကရင်နီလူ့အခွင့်အရေး ဒါရိုက်တာ ဦးဗညားထံက သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း...

တစ်ပြည်နယ်လုံးကို စစ်မျက်နှာဖွင့်ပြီး အကြမ်းဖက်စစ်ကောင်စီကို ချေမှုန်းသွားမယ်လို့ KNDF ပြော

ကန္တာရဝတီတိုင်း(မ်) ကရင်နီတစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ စစ်မျက်နှာဖွင့်ပြီး စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) က ဒီကနေ့ စက်တင်ဘာလ ၁၄ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ အခုလို ထုတ်ပြန်တာနဲ့...