spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမှာ တောင်ယာသွားနေတဲ့ ဒေသခံနှစ်ဦးကို စစ်ကောင်စီဖမ်းဆီး

ကန္တာရဝတီတိုင်း(မ်)

ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ရွှေပြည်အေးရပ်ကွက်က တောင်ယာသွားနေတဲ့ ဒေသခံနှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက ဒီကနေ့ စက်တင်ဘာ(၄)ရက်နေ့ မနက် ၈နာရီခွဲအချိန်မှာ ဖမ်းဆီးသွားတယ်လို့ KNDFတာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို အတည်ပြုပြောပါတယ်။

ကျေးရွာအနီးအနားတွေမှာ စစ်ကြောင်းထိုးရင်း ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းခံရသူနှစ်ဦးက ဇနီးမောင်နှံဖြစ်တဲ့ ဦးမောင်ကြီးနဲ့ ဒေါ်ဝင်းကြည်တို့ကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။ အခုလို ပြည်သူတွေ ဖမ်းဆီးခံနေရတာတွေရှိတဲ့အပေါ် လျစ်လျူရှုသွားမှာ မဟုတ်ဘူးလို့ KNDFတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

” ကျနောပြောနိုင်တာကတော့ လူထုကို အသုံးချပြီးတော့ ဓားစာခံ လုပ်တဲ့လုပ်ရပ်မျိုးကတော့ လုံးဝလက်ခံနိုင်စရာမရှိဘူး။ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချတယ်။ အဲ့ဒီအတွက်လည်း ကျနောတို့ ပိုပြီးတော့ တိုက်ထွက်လာအောင် လှုံ့ဆော်လိုက်တဲ့ လုပ်ရပ်တစ်ခုပဲလို့ ပြောချင်တယ်။ လူထုက စစ်ပွဲတွေ ကြားမှာ မြေစာပင် ဖြစ်နေရတဲ့ အနေအထားရောက်တယ်ပေါ့လေ။ ကျနောတို့ KNDFအနေနဲ့ ကတော့ အခုလို လူထုရဲ့ နစ်နာမှုတွေကို ကျနောတို့ ဘယ်တော့မှ လျစ်လျူရှုသွားမှာ မဟုတ်ဘူး။လူထုအတွက် ကျနောတို့ တန်ရာ တန်ကြေး ရအောင် ပြန်ယူရမှာပဲ။ ဒါက ကျနောတို့ အထူးတလည်ပြောချင်တဲ့ဟာပေါ့။ “

ပြည်သူတချို့ ဖမ်းဆီးပြီး ပြန်လွှတ်ပေးတာတွေတော့ရှိခဲ့ပေမယ့် အခုလက်ရှိဖမ်းခံခဲ့ရတဲ့ ပြည်သူနှစ်ဦးရဲ့ အခြေအနေကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။ အခုလို အကြမ်းဖက်စစ်ကောင်စီကနေပြီး လူထုတွေကို ဖမ်းဆီးတာတွေရှိနေပြီး လူသားဒိုင်းကာအဖြစ်အသုံးပြုတာတွေ၊ နှိပ်စက်တာတွေ၊ လမ်းကြောင်းပြခိုင်းတာတွေ ပြုလုပ်နေပါတယ်။

အခုရက်ပိုင်း ဖယ်ခုံမြို့နယ် ဖက်မှာ စစ်ကောင်စီဖက် ထိုးစစ်ဆင်တာတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိနေပြီး KNDFပူးပေါင်းတပ်ဖွဲ့တွေနဲ့ ယခုလမှာ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
ဒီကနေ့မှာ လည်း စစ်ကောင်စီဖက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေရှိပြီး ထိခိုက်မှုတွေ တော့မရှိဘူးလို့ သိရပါတယ်။

spot_img
spot_img