spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

Non-CDM တွေကို ပြည်သူ့သစ္စာဖောက်အဖြစ်သတ်မှတ်ပြီး လုံခြုံမှုအတွက် တာဝန်ယူမှာ မဟုတ်ကြောင်း DMO PDF နောက်ဆုံးအကြိမ်သတိပေး

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ်ရှိ Non-CDM ဝန်ထမ်းကို ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်မည်ဖြစ်ပြီး ၎င်းတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုအတွက် တာဝန်ယူပေးမှာမဟုတ်ဘူးလို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်က ဒီကနေ့ နိုဝင်ဘာ ၁၂ရက်နေ့မှာ ထပ်မံသတိပေးစာ ထုတ်ပြန်ထားပါတယ်။

“အရင်တုန်းကလည်းထုတ်ပြီးပြီ။ မလိုက်နာတဲ့သူအများကြီးရှိတယ်ပေါ့နော။ မလိုက်နာတဲ့သူ အများကြီးရှိတော့ နောက်ဆုံးအနေနဲ့ ထုတ်ခြင်းဖြစ်တယ်။ သတိပေးတာလည်း ပါတာပေါ့။ CDM လုပ်တဲ့သူလည်းလုပ်တယ် မလုပ်တဲ့သူလည်းမလုပ်ဘူး။ ပြီးတော့ ထုတ်ထားတဲ့အတိုင်းပါပဲ။ ဒေါက်တိုင်အနေနဲ့ သူတို့က စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ သွားလာလုပ်ရှားနေတယ်။ လစာလည်းထုတ်နေတယ်။” လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

စစ်ကောင်စီဖက်မှာရပ်တည်ပြီး စစ်ကောင်စီရဲ့ လုပ်ငန်းယန္တရားလည်ပတ်နိုင်ရေးအတွက် ရုံးပိုင်းဆိုင်ရာ လုပ်ငန်းတွေမှာ ဆက်လက်တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေ၊ စစ်ဘေးရှောင်နေရာမှာ အတူနေထိုင်ပြီး စစ်ကောင်စီတပ်အတွက် သတင်းယူ၊ သတင်းပို့ ဆက်သွယ်ဆောင်ရွက်ပြီး လစာထုတ်ယူနေကြတဲ့ ဒီးမော့ဆိုမြို့နယ်ရှိ Non-CDM ဝန်ထမ်းတွေကို ရည်ရွယ်ပြီး ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က သတိပေးထုတ်ပြန်ထားတာပဲ ဖြစ်ပါတယ်။

ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်မှ သတိပေးချက် ၄ ချက်မှာ
၁- Non-CDM ဝန်ထမ်းတို့ရဲ့ အသက် နဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတို့ကို DMO-PDF မှ တာဝန်မယူပါ၊
၂-Non-CDMဝန်ထမ်းနဲ့ ၎င်းမိသားစုဝင်တို့ရဲ့ သာရေး၊ နာရေးကို မိဘပြည်သူများမှ ကူညီလက်ခံပါဝင်ပတ်သက်မှု မပြုလုပ်ရ၊
၃- စစ်ဘေးရှောင်စခန်းနဲ့ စစ်ဘေးရှောင်ကျေးရွာမှာ Non-CDM ဝန်ထမ်းကို လက်ခံနေထိုင်ခွင့်မပြုရ၊
၄- Non-CDM ဝန်ထမ်းအား ပြည်သူ့သစ္စာဖောက်(လောက်ကောင်)အဖြစ် သမိုင်းမှတ်ထမ်းထားရှိရမည်
စတဲ့ အချက်ပါဝင်ပါတယ်။

“ကျနော်တို့ဖက်မှာကျတော့ ထွေအုပ်က အဓိကဖြစ်နေတယ်လေ။ ဒေါက်တိုင်။ ကျန်တဲ့ပညာရေးတို့ ဘာတို့ကျတော့ ဒီလောက်မရှိတော့ဘူး။ အခုကထွေအုပ်ပိုင်းမှာများတယ်။ ဒီဟာကိုအခြေခံပြီးထုတ်ရတာပေါ့။ သူတို့ကိုလည်း တိုက်တွန်းချင်ပါတယ်။ ကျနော်တို့နဲ့လာပူးပေါင်း သူတို့လုံခြုံရေးလည်း တာဝန်ယူပေးလို့ရပါတယ်။ စားနပ်ရိက္ခာကတော့ ရှိတူ မရှိတူပေါ့နော။ ကျနော်တို့နဲ့နေလို့ရတယ်လေ။ ကျနော်တို့မိဘ အားလုံးက ပြည်သူပါပဲ ကျနော်တို့ ဒီလိုပဲသတ်မှတ်ပါတယ်။ ရုံလည်းမတက် လစာလည်းမထုတ်ဘဲနဲ့ CDM လုပ်ဖို့သင့်တယ်ပေါ့နော တိုက်တွန်းချင်တာပေါ့နော” လို့ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ရဲ့ လုပ်ရှားဆောင်ရွက်နေမှု၊ စစ်ရှောင်မြေပြင်အခြေအနေကို စစ်ကောင်စီထံ သတင်းပေးဆက်သွယ်ဆောင်ရွက်နေတဲ့ စစ်ကောင်စီသတင်းပေး၊ ဒလန်တွေဟာ ဒီသတိပေးတားမြစ်ချက်ကို လိုက်နာခြင်းမရှိဘဲ ဆက်လက်သတင်းပေးဆောင်ရွက်သွားမယ်ဆိုရင် ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ပြီး အသက်၊ ဥစ္စာစည်းစိမ်ကို အာမခံနိုင်မှာမဟုတ်ကြောင်း၊ လိုအပ်ပါက အမြစ်ပြတ်သုတ်သင်ရှင်းလင်းသွားနိုင်တဲ့အထိ အရေးယူဆောင်ရွက်သွားမယ်လို့ အောက်တိုဘာလအတွင်းက သတိပေးထုတ်ပြန်ခဲ့တာ ရှိပါတယ်။

spot_img
spot_img