spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

မီးခိုးငွေ့ဖြစ်သွားတဲ့ ၁၀နှစ်တာအိပ်မက်

ကန္တာရဝတီတိုင်း(မ်)

“သူတို့ မီးလာရှို့သွားတော့ ဘာမှမကျန်တော့ဘူး။ အကုန်လောင်သွားတယ်။ စပါးတွေလည်း မကျန်တော့ဘူး။ အဝတ်တွေလည်းမကျန်တော့ဘူး။ ဟိုး ထမင်းအိုး ဟင်းအိုးအထိ ဘာမှမကျန်တော့ဘူး။”လို့ ပြောလာသူကတော့ အသက် (၄၉) နှစ်အရွယ် ဒေါ်ညေးမြာဖြစ်ပါတယ်။

စက်တင်ဘာ လကုန်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပြည်အခြေစိုက် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) နဲ့ ကရင်နီတပ်မတော် (KA) တို့ ဒီမောဆိုမြို့နယ် ကုန်းသာကျေးရွာနဲ့ သေးဆူလဲကျေးရွာတို့မှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဒေါ်ညေးမြာရဲ့ အိမ်အပါအဝင် ကုန်းသာကျေးရွာက နေအိမ်အများအပြား မီးလောင်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

ဒီလိုမီးလောင်ခဲ့တာဟာ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ တုန့်ပြန်ဖြေရှင်းထားတာ မရှိသေးပါဘူး။
ဒါပေမယ့် ဒေါ်ညေးမြာတို့ ပိုင်ဆိုင်သမျှကတော့ ပြာပုံအတိဖြစ်ခဲ့ရပါပြီ။

” တီဗွီတို့ ထမင်းအိုး၊ ဟင်းအိုးတို့၊ စပါးတို့၊ ဆန်တို့၊ ဘီဒိုတို့ ပရိဘောက အိမ်ထဲက ဟာတွေ မသိတော့ဘူး။ ပစ္စည်းအားလုံးရဲ့ တန်ဖိုးကို အကုန်လောင်သွားတယ်။ အဲ့မှာပဲ အကုန်စုထားတာကို ဘာမှမဖြစ်လောက်ဘူး ထင်ထားတာ မီးလာရှို့သွားတယ်” လို့ သူကဆိုပါတယ်။

ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းယူမှုကို ဆန့်ကျင်ခုခံတော်လှန်နေတဲ့ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာ ၈ လနီးပါးရှိသွားခဲ့ပါပြီ။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးနဲ့အတူပါလာတဲ့ ပြည်တွင်းစစ်ဟာ အထူးအဆန်းမဟုတ်ပေမယ့် ခုတိုက်ပွဲတွေကတော့ ဒီးမော့ဆို၊ လွိုင်ကော် စတဲ့ မြို့ပြအနီးပတ်ဝန်းကျင်နဲ့ လူနေကျေးရွာတွေမှာ ဖြစ်ပွားလျက်ရှိနေတာပါ။

တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ၊ လူနေအိမ် မီးရှို့တာတွေ ဆက်တိုက်ပြုလုပ်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN) ရဲ့ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁ရက်ကနေ အောက်တိုဘာလ ၁၀ရက်အထိ ပျက်စီးဆုံးရှုံးသွားတဲ့ ဒေသခံနေအိမ် ၃၅၃လုံးရှိသွားပြီလို့ သိရပါတယ်။
စစ်ကောင်စီက မီးရှို့ဖျက်တာတွေရှိသလို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လို့ မီးလောင်ပျက်စီးသွားတဲ့ နေအိမ် လွိုင်ကော်မြို့နယ်က ၃၃လုံး၊ ဒီးမော့ဆိုမြို့နယ်က ၂၄၆လုံး၊ ဖရူဆိုမြို့နယ်က ၂လုံးနဲ့ ဖယ်ခုံမြို့နယ်က ၇၂လုံး ရှိပါတယ်။

ဒါတွေအပေါ် စစ်ကောင်စီကတော့ ဖြေရှင်းထားတာမရှိပါဘူး။ တစ်ချို့ဒေသက ဖြစ်စဉ်တွေကိုတော့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြုလုပ်တယ်လို့ ပြန်လည် စွပ်စွဲထားတာတွေလည်းရှိပါတယ်။

အသက်အိုးအိမ်ဖျက်ဆီးရန်ရှာခံခဲ့ရတဲ့ ဒေါ်ညေးမြာတို့လို ပြည်သူလူထုတွေကတော့ စစ်ဘေးရှောင်ရင်း ကူညီထောက်ပံ့မှုတွေနဲ့သာ ဆက်လက်ရှင်သန်နေရတာပါ။

လက်ရှိမှာ စစ်ဘေးဒုက္ခသည်တွေအတွက် ထောက်ပံ့ထားတဲ့ အဝတ်အစားတွေ အစားအသောက်တွေကိုပဲ မှီခိုနေရတယ်လို့ သူကဆက်ပြောပါတယ်။

ဒေါ်ညေးမြာဟာ နေအိမ်ကို ပြန်ကြည့်ချင်ပေမယ့် မိုင်းတွေရှိနေနိုင်တာကြောင့် အဝေးကနေပဲ အိမ်ကိုကြည့်ရတယ်လို့ ပြောပါတယ်။

” ကျမတို့ဆီမှာ ဘာမှမရှိတော့ သူများဆီကနေ အကုန်ယူထားရတာ။ စားစရာတွေကောပဲ။ အမှန်က ကျမတို့ဆီမှာ စပါးရှိသေးရင် ကျမတို့ စပါးကို သယ်သွားနိုင်ရင် စားစရာပိုရှိနိုင်တယ်။ အခုတော့ အကုန်လုံး သူများလာကျွေးထားတာကြီးပဲ။ တောင်ယာ ပြန်လုပ်ချင်ရင်လည်း မိုင်းတွေထောင်ထားတော့ ပြန်မလုပ်နိုင်တော့ဘူး။ “

ကုန်းသာကျေးရွာမှာဆိုရင် နေအိမ်ပြန်ကြည့်တဲ့အချိန်၊ ရိက္ခာပြန်ယူတဲ့အချိန် မိုင်းနင်းမိပြီး ဒဏ်ရာရရှိသူ ၄ဦးအထိရှိနေပါတယ်။

ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်ညေးမြာလို အိုးအိမ်ဖျက်စီးခံလိုက်ရတဲ့ သူတွေလည်း အများအပြားရှိနေတာဖြစ်ပါတယ်။ ကရင်နီပြည်မှာ အိုးအိမ်ဖျက်ဆီးခံရတာဟာ လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံး ကျူးလွန်ခံရတာတစ်ခုဖြစ်တယ် လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

” ကရင်နီပြည်မှာဆို စစ်ဘေးကြောင့် ပြည်သူလူထုတို့ရဲ့ အိုးအိမ်တွေ ပိုင်ဆိုင်မှုတွေကတော့ ဒါကတော့ ကြည့်မယ်ဆိုရင်တော့ အများဆုံးကျူးလွန်ခြင်း၊ ဖျက်ဆီးခြင်းခံရတာပေါ့နော။ ဒါက အသက်နဲ့ ကြည့်မယ်ဆိုလို့ရှိရင် ကျနော်တို့ ကောက်ရတဲ့ အချက်အလက်အရ ဒီစစ်ပွဲကြောင့် တိုက်ရိုက်ဖြစ်စေ စစ်ကောင်စီက သတ်ဖြတ်တာတွေဖြစ်စေ၊ ဖမ်းဆီး သတ်ဖြတ်တာတွေဖြစ်စေ နောက်ပြီးတော့ ထွက်ပြေးနေရင်းနဲ့ ဆုံးပါးသွားတဲ့ လူတွေကတော့ ၈၈ယောက်လို့ ပြောတာပေါ့နော။ အဆိုးဝါးဆုံးလူ့အခွင့် အရေးချိုးဖောက်မှုကတော့ လူ့အသက်ကို သေစေတာပေါ့နော။ “

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသခံ လက်နက်ကိုင်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ တစ်သိန်းသုံးသောင်းဝန်းကျင်စစ်ဘေးရှောင်နေရပြီး ၇၅ရာခိုင်နှုန်းဟာ အမျိုးသမီးနဲ့ ကလေးတွေဖြစ်ကြတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ စာရင်းအရ သိရပါတယ်။

အိမ်မီးလောင်တဲ့အထဲပါသွားတဲ့ အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာမှာ ပြန်လည်မြှင့်တင်ပေးဖို့ လိုအပ်တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး KNWO အတွင်းရေးမှူး( ၂ ) မော်ဖရေးမြာက ပြောပါတယ်။

“သူတို့အိမ်လည်း မီးလောင်သွား နေစရာလည်း မရှိတော့တဲ့အချိန်မှာ တစ်ခြားအိမ်ကို သွားခိုလှုံရတာမျိုးဆိုရင် ဘယ်လိုမှ အဆင်မပြေဘူးပေါ့နော။ အဲ့အချိန်ကတော့ လိုအပ်ဆုံးက ဒီအချိန်မှာ သူတို့ နေလို့ရတဲ့ တစ်ခုဖြစ်အောင်ပေါ့နော။ ဥပမာ နေထိုင်လို့ရတဲ့ အိမ်တစ်လုံးတော့ လုပ်ပေးဖို့ လိုအပ်သလို နောက်တစ်ခုခါကျတော့ သူတို့ စိတ်ဓာတ်မြှင့်တင်ရေးပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်လည်း အမြဲတမ်း သူတို့ စိတ်ဖိစီးမှု လျော့ချအောင် အမြဲတမ်း comfort ပေးတာမျိုးလိုအပ်တယ်။ စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာ အသိပညာပေးမှုတွေ နောက်ပြီးတော့မှ သူတို့ ပျော်ရွှင်ဖို့လိုတယ်ပေါ့နော။ စိတ်ပျော်ရွှင်မှ အနာဂတ်ရပ်တည်နိုင်မယ့် ဟာမျိုးတွေ လိုမယ်။”

ဒီလိုစစ်ဘေးဒဏ်ခံတဲ့နေရာမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေက ပိုများတဲ့အတွက် သူတို့ကို ထိခိုက်မှုအနည်းဆုံးဖြစ်တဲ့ ဗျူဟာတွေကို အသုံးပြုစေချင်တယ်လို့ သူကဆက်ပြောပါတယ်။

မျက်စိတစ်မှိတ်လျှပ်တစ်ပြတ်အတွင်းမှာ ဖျက်ဆီးခံခဲ့ရတဲ့ ကရင်နီပြည်သူတွေရဲ့ အိုးအိမ်တွေဟာ နေ့ချင်းညချင်း တည်ဆောက်ခဲ့တာတွေမဟုတ်ပါဘူး။

” ကျနော့အမေက ကြိုးကြိုးစားစားနဲ့ ဆောက်ခဲ့ရတဲ့ အိမ်ပေါ့နော။ ကျနော့်အမေက အရမ်းကို တန်ဖိုးထားရတဲ့ အိမ်ပေါ့နော။ ကျနော်တို့ကို နွေးနွေးထွေးထွေးလုံခြုံခြုံနဲ့ နေစေချင်လို့ကို ကျနော်တို့ကို လုံခြုံတဲ့ အိမ်ကို ဆောက်ပေးခဲ့တာ အခုက စစ်ကောင်စီရဲ့ မီးရှို့ ဖျက်စီးခြင်းခံလိုက်ရတယ်ပေါ့နော။ အဲ့ဒီအတွက် ကျနော့်အမေအတွက် ဝမ်းနည်းတယ်ဆိုတာထက် ကျနော့်အမေ တန်ဖိုးထားတဲ့ အိမ်ကလေး ပါသွားတော့ ယူကျုံးမရ ဖြစ်ရတယ်ပေါ့နော။ ” ဒေါ်ညေးမြားရဲ သားဖြစ်သူကပြောပါတယ်။

ဒေါ်ညေးမြာရဲ့ အိမ်အပါအဝင် မီးလောင်ပျက်စီးသွားတဲ့ နေအိမ်တွေဟာ အုတ်နဲ့ပြုလုပ်ထားတဲ့ နှစ်ထပ်တိုက် အိမ်မျိုး အများစုဖြစ်ပါတယ်။ ဒေါ်ညေးမြာရဲ့ နေအိမ်က အနည်းဆုံး သိန်း( ၃၅၀ ) ကျပ် ကုန်ကျတယ်လို့ သူက ပြောပြပါတယ်။

ဒေါ်ညေးမြာက ရွာမှာ တောင်ယာတွေလုပ်ကိုင်ချိန် ခင်ပွန်းဖြစ်သူက ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ပြီး ၁၀နှစ်တာ ဇနီးမောင်နှံနှစ်ဦး ချွေတာစုဆောင်းပြီး ဆောက်ထားတဲ့ အိမ်ကလေးဟာ စစ်ကောင်စီရဲ့ လက်ချက်ကြောင့် တစ်ခဏအတွင်း ပျက်ပျယ်သွားခဲ့ရပါတယ်။

“အိမ်ဆောက်ထားတာ သိပ်မကြာသေးဘူး။ ဒါပေမယ့် အများကြီး ကုန်ကျတယ်။ ကျမခင်ပွန်းက သူများနိုင်ငံအထိသွားပြီး အလုပ်သွားလုပ်ရတယ်။ ကျမတို့က အိမ်မှာ ဟိုဟာလုပ် ဒီဟာလုပ်နဲ့ အလုပ်တွေလုပ်ရတယ်။ တစ်ခါးမှ မနားရဘူး။ ကျမကလေးတွေကိုလည်း ကျောင်းထားရသေးတယ်။ ဒီအိမ်တစ်လုံးဖြစ်ဖို့အတွက် ကျမတို့ ဘယ်နှနှစ်လောက်စုရလဲဆိုတော့ ၁၀နှစ်။ ” လို့ ဒေါ်ညေးမြာက ပြောပြသွားပါတယ်။

နိုင်ငံရေးအခြေအနေပိုဆိုးနေသလို အသက်ကလည်း ကြီးပြီဖြစ်တဲ့အတွက် အရင်ကလို ရှာဖွေပြီး နောက်ထပ်အိမ်တစ်လုံး မဆောက်နိုင်တော့ဘူးလို့ သူကပြောပါတယ်။

spot_img
spot_img