Monday, November 29, 2021

စစ်ဘေးဒဏ်အပူမီးကြားက ကလေးတွေရဲ့ ပညာရေးကိုဖြေရှင်းပေးနေကြသူတွေရဲ့ဘဝ

စစ်ရှောင်တနေရာတွင် ပညာသင်ယူနေကြသော ကလေးမျိုးများတချို့

ကန္တာရဝတီတိုင်း(မ်)

တောင်ကုန်း​တခုပေါ်မှာရှိတဲ့ သစ်ပင်တွေရဲ့ အရိပ်အောက်မှာ စစ်ဘေးရှောင်ရင်း ရောက်လာကြတဲ့ ကလေးတွေကို CDM ဆရာမနဲ့ စေတနာ့ ဝန်ထမ်းဆရာမတွေက ကလေးတွေအတွက် ကျောင်းစာတွေကို ကူညီသင်ကြားပို့ချပေးနေပါတယ်။

အခုလိုစာသင်နေတဲ့ ကလေးတွေအပါအဝင် စစ်ရှောင်ပြည်သူ ၂ဝဝ လောက်ဟာ တခြားရွာရဲ့ ဒေသခံရွာသားတွေ စီစဉ်ပေးထားတဲ့ နေရာမှာ နေထိုင်နေကြပြီး အခုဆိုရင် နေရပ်ကို စွန့်ခွာထွက်ပြေးလာခဲ့တာ တစ်ပတ်ကျော် ရှိသွားပါပြီ။

လွန်ခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့က ဖယ်ခုံမြို့ပေါ် မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ေကြာင့် ဖယ်ခုံမြို့ပေါ်က လူထုတွေနဲ့အတူ ဆရာမတို့ တစ်ရပ်ကွက်လုံးကလည်း စစ်ဘေးတိမ်းရှောင်လာခဲ့ရတာပါ။

လက်နက်ကြီးသံတွေ၊ သေနတ်သံတွေကြား အသက်လုထွက်ပြေးခဲ့ရလို့ ငိုယိုနေကြတဲ့ ကလေးငယ်တွေ ခု အငိုတိတ်သွားကြပေမယ့် သူတို့ရဲ့ စိတ်ဒဏ်ရာတွေကို ကုစာပေးဖို့အတွက် စာသင်ကြားပေးတဲ့ အစီအစဉ်တစ်ခု လုပ်ဖြစ်သွားတာလို့ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဆရာမက ပြောပါတယ်။

“ဒီတိုင်းနေနေမယ့်အစား၊ ဒီတိုင်းဆော့နေမယ့်အစား သူတို့ ပညာရသွားအောင် ဆိုပြီးတော့ စာတစ်လုံးဆိုလည်း တစ်လုံး၊ ကကြီးလည်း ကကြီး၊ အေဆိုလည်း အေအဲ့လိုမျိုး တစ်လုံးရသွားရင်လည်း ကျမတို့ ကျေနပ်တာပေါ့နော်။ အဲ့လို အချိန်အလာကား အလာဟသမဖြစ်သွားအောင်ဆိုပြီးတော့ အဲ့ဒီစိတ်ကူးနဲ့ပေါ့နော်။ ပြီးတော့ ဒီတိုင်းနေရင် ကလေးတွေက၊ သူတို့ စိတ်ကို ကုစားပေးတဲ့ အနေနဲ့ပေါ့နော်။ ကျမတို့ အဲ့ ဒီစာကို သင်ဖြစ်သွားတာပေါ့နော်။”

ဒီစစ်ရှောင်ကလေးတွေကို အင်္ဂလိပ်စာ၊ မြန်မာစာ၊ သချ်ာနဲ့ မိခင်ဘာသာစကားဖြစ်တဲ့ ကယန်းစာပေကိုလည်း သင်ကြားပေးနေတယ်လို့ ဆရာမက ဆိုပါတယ်။

KG က​နေ အလယ်တန်းအရွယ်အထိစစ်ရှောင် ကလေး ၃ဝ ကျော်ကို CDM မှာ ပါဝင်တဲ့ ဆရာမတစ်ဦးနဲ့အတူ အခြား စစ်ရှောင်အမျိုးသမီး လေးဦးကနေပြီးတော့ ကလေးတွေကို စစ်ရှောင်နေရာရောက်တဲ့ အချိန်လောက်ကစပြီး စာသင်ကြားလာတာ တစ်ပတ်ကျော်ရှိသွာပြီး ဖြစ်ပါတယ်။

ဖယ်ခုံမြို့ပေါ်က ကျောင်းတစ်ခုမှာ KG တန်းကနေ၊ စတုတ္ထတန်းအထိ ဘာသာစုံသင်ကြားပေးနေတဲ့ ဆရာမဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ် အာဏာသိမ်းလိုက်တဲ့အတွက် အာဏာရှင်စနစ်ကို မကြိုက်လို့ CDM လှုပ်ရှားမှု ပါဝင်လာတာ ၇ လဝန်းကျင်လောက်ရှိသွာပြီးလို့ ဆိုပါတယ်။

“ဒီစစ်အုပ်ချုပ်တဲ့ စနစ်အောက်မှာ ကျမ ပညာမသင်ချင်ဘူးပေါ့နော်။ ပြီးတော့ ကလေးတွေကိုလည်း အဲ့ဒီစစ်အုပ်ချုပ်တဲ့ လက်အောက်မှာပေါ့နော်။ ကလေးတွေကိုလည် စာမသင်ခိုင်းစေချင်ဘူးပေါ့နော်။ ကျမလည်း မသင်ချင်ဘူ။ ပြီးတော့ အဲ့ဒီတော်လှန်ရေးတိုက်ပွဲဝင်တဲ့အထဲမှာ ကျမက တစ်ဖက်တစ်လှမ်းကနေ ပါချင်တယ် အဲ့မျိုးပေါ့နော်။ လက်နက်လည်း မကိုင်နိုင်ဘူးဆိုပေမယ့် အဲ့ဒီစစ်အာဏာကို ဒီ CDM ဝင်ပြီးတော့ ကျမအံတုတာပေါ့နော်။”

စစ်ရှောင်တနေရာတွင် ပညာသင်ယူနေကြသော ကလေးမျိုးများတချို့

အိမ်ထောင်သည်လည်းဖြစ်လို့​ ဝန်ထမ်းလုပ်ရင်း ရတဲ့လစာကို မှီခိုပြီး သား၊ သမီးတွေကို ကျွေးမွေး ထောက်ပံ့နေခဲ့ရပေမယ့် ခု CDM လုပ်လိုက်တော့ ဝင်ငွေမရှိတော့ပဲ ရပ်ကွက်ထဲက ပေးကမ်းကူညီတာတချို့နဲ့ပဲ နေထိုင်စားသောက်နေရတာလို့ ဆိုပါတယ်။

ဒီလို အခက်အခဲတွေ ရှိနေပေမယ့်လည် CDM ကိုတော့ အရေးတော်ပုံအောင်တဲ့အထိ ဆက်လုပ်သွားမယ်လို့ ဆရာမက ဆိုပါတယ်။

အခုလို CDM ဆရာမနဲ့ အတူ ကလေးတွေကို စာကူညီသင်ကြားပေးနေတဲ့ အမျိုးသမီးတစ်ဦးကလည် တိုက်ပွဲဖြစ်တဲ့ နေ့မှာ တစ်မိသားစုလုံး အသက်ဘေးက ထွက်ပြေးလွှတ်မြောက်လာခဲ့ပေမယ့် နောက်မှာ ကျန်ခဲ့တဲ့ နေအိမ်ကတော့ ပျက်စီးသွားပြီလို့ ပြောပါတယ်။

“ကျမကတော့​ အတတ်နိုင်ဆုံး စစ်ကိုတော့ ရပ်ပေးပါပေါ့။ အခုစစ်ရှောင်တစ်ယောက်အနေနဲ့ကတော့ ကျမတစ်အားခံစားရတယ်။ အခုကျမပြောနေရင်း တန်းလန်းအချိန်မှာတောင်မှ အခုဖယ်ခုံမှာ ဖြစ်နေတယ်တဲ့။ ကျမအိမ်တွေ ပျက်ကုန်ပြီပေါ့။ သူများတွေပြောလာတော့ အဲ့ဒါ ကျမစိတ်မကောင်းဘူးပေါ့။ အတတ်နိုင်ဆုံးတော့ အဲ့ဒီစစ်ကို ရပ်ပေးပါ။ အခု ကျမတို့ ဘယ်ချိန်မှ ပြန်ရမလဲ မသိဘူးနော်။ အဲ့ဒါ အိမ်တွေ ပျက်ကုန်ပြီတဲ့။ သူများတွေ အခုပဲ ဖုန်ဆက်လာလို့လေ။ ကျမ တော့ စစ်ကို အရမ်းမုန်းပါတယ်။”

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း လက်နက်ကြီးကျည်စ ထိမှန်လို့ ဆရာမတို့ ရပ်ကွက်ထဲက အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်အချို့လည် လက်နက်ကြီးကျည် ထိမှန်ပျက်စီးတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒီစစ်ဘေးရှောင်ပြည်သူတွေအတွက် ဒေသခံလူထုတွေနဲ့ အလှူရှင်တွေက အခြေခံစားသောက်ကုန်တွေနဲ့ အခြား အထောက်အပံ့တချို့လာရောက်လှူဒါန်းတာတွေတော့ ရှိနေပါတယ်။

ဒါပေမယ့် ရေရှည်စစ်ရှောင်ရတာမျိုးဖြစ်လာရင် အလှူရှင်တွေလည်း အခက်အခဲဖြစ်လာနိုင်တဲ့အတွက် အခုကတည်းက ရိက္ခာချွေတာနေကြရပါတယ်။

ဒီစစ်ဘေးရှောင် ကလေးတွေ
ဟာ စာသင်နေကြပြီး အလှူရှင်တွေက လှူထားတဲ့ အချို့ရည်နဲ့ မုန့်စားပြီ ပျော်ရွှင်ကြပေမယ့် အိမ်ပြန်ချင်လို့ ငိုယိုပြီ ပူဆာနေတဲ့ ကလေတွေလည်း ရှိပါတယ်။

“ကျမတို့ စာသင်တာ တစ်ခုပဲ မဟုတ်ပဲနဲ့ သူတို့ စိတ်ကိုပျော်စေတဲ့၊ သူတို့စိတ်ကို ကုစားပေးတဲ့ အနေနဲ့ အက်ရှင်ဆောင်းတွေလည်း ကျမတို့ သင်ပေးတယ်။ နောက်ပြီးတော့ ကစားနည်းတွေပေါ့နော်။ သူတို့ ပျော်ရွှင်ဖို့ပေါ့နော်။ အဲ့လိုလည်း သင်ပေးတယ်။ ပြီးတော့ စာတွေလည်း သင်ပေးတယ်ဆိုလို့ရှိရင်တော့ အနည်းဆုံး သူတို့ ပျော်ရွှင်တာလေးကို မြင်တယ်တာပေါ့နော်။ အကယ်၍ ကျောင်းတွေပြန်ဖွင့်မယ် ဆိုလို့ရှိရင်လည်း စာမှတ်မိနေတယ်ပေါ့နော်။ စာနဲ့ တအားဝေးမနေတော့ဘူးပေါ့နော်။ စာနဲ့ နီးနေတာပေါ့။”

ဒီလို နေရပ်စွန့်ခွာထွက်ပြေးရင်း စစ်ရှောင်နေရာမှာ ခက်ခက်ခဲခဲနေထိုင်နေရပြီး ကလေးတွေကို စာသင်ပေးနေတဲ့ CDM ဆရာမကတော့ ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းကြဖို့ တောင်းဆိုပြီး အိမ်ပြန်ရမယ့် ရက်ကို မျှော်လင့်နေပါတယ်။

More from the blog

ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ

ကန္တာရဝတီတိုင်း(မ်) လက်နိုင်ငံရေးအခြေအနေအရ အာဏာပိုင်တွေရဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်တွေ၊ ကိုယ်ထူကိုထ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေနဲ့ တခြားသော အဖွဲ့အစည်းတွေက လုပ်ဆောင်ပေးနေတဲ့ အစီအစဉ်တွေကနေ ပြည်သူတွေက ကာကွယ်ဆေး အသီးသီးထိုးနှံလာနေကြပါပြီ။ ကာကွယ်ဆေးထိုးနှံပြီးတဲ့...

စစ်ဘေး ဒုက္ခသည်စခန်းက နှလုံးရောဂါသည် ကလေးငယ် တစ်ဦး ဆေးကုသနိုင်ဖို့အခက်အခဲရှိ

ကန္တာရဝတီတိုင်း(မ်) မွေးရာပါ နှလုံးရောဂါရှိနေသူအသက်၁၄နှစ်အရွယ် မောင်နာတန်နှေးလယ်ဟာ နှလုံးရောဂါကို ခွဲစိတ်ကုသဖို့အတွက် ခွဲစိတ်ခအတွက် အခက်အခဲ ရှိနေပါတယ်။ မွေးပြီး တစ်နှစ်ကျော်မှာပဲ...

မီးခိုးငွေ့ဖြစ်သွားတဲ့ ၁၀နှစ်တာအိပ်မက်

ကန္တာရဝတီတိုင်း(မ်) "သူတို့ မီးလာရှို့သွားတော့ ဘာမှမကျန်တော့ဘူး။ အကုန်လောင်သွားတယ်။ စပါးတွေလည်း မကျန်တော့ဘူး။ အဝတ်တွေလည်းမကျန်တော့ဘူး။ ဟိုး ထမင်းအိုး ဟင်းအိုးအထိ ဘာမှမကျန်တော့ဘူး။"လို့ ပြောလာသူကတော့ အသက် (၄၉) နှစ်အရွယ် ဒေါ်ညေးမြာဖြစ်ပါတယ်။

နောက်မှာ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေရဲ့ အပူ

https://youtu.be/1aG3KaQc4GE ကန္တာရဝတီတိုင်း(မ်) "ဘာမှလည်း မလုပ်ပေးတတ်ဘူး။ သူအန္တရယ်ကင်းပါစေလို့ပဲ ညတိုင်းညတိုင်း ဆုတောင်းပေးနေတယ်။" ရှေ့တန်းမှာ တာဝန်ထမ်းဆောင်ဖို့ သွားနေတဲ့ ခင်ပွန်း...