ကန္တာရဝတီတိုင်း(မ်)
ရှမ်း၊ ကရင်နီပြည် အစပ်မှာရှိတဲ့ ကြေးတုံ စစ်ဘေးရှောင်စခန်းဟာ သောက်သုံးရေ ရရှိနိုင်ဖို့ အတွက် စစ်ရှောင် မိသားစုဝင်တွေဆီကနေ ငွေကောက်ခံပြီး ကိုယ်ထူကိုယ်ထ ရေပိုက်သွယ်ယူဖို့ လုပ်ဆောင်နေပေမယ့် ငွေကြေးမလုံလောက်တာကြောင့် အကူအညီလိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
သောက်သုံးရေကန်ကနေ စစ်ရှောင်စခန်းဆီရေသွယ်ယူဖို့ ရေပိုက် ပေ ၆၀၀ နဲ့ ရေလှောင်ထားဖို့အတွက် မိုးကာ နှစ်ထည် အရေးပေါ် လိုအပ်နေသေးတယ်လို ဆိုပါတယ်။
“ကျနော် နေတဲ့ နေရာဘက်က ပိုက် ပေ ၆၀၀ လိုသေးတယ်၊ မိုးကာ အောက်ခံတထည်နဲ့ အမိုးတထည်ပေါ့နော၊ လိုအပ်နေတယ်ပေါ့နော” လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ကိုနားရီက ပြောပါတယ်။
စစ်ဘေးရှောင် စခန်း တစ်ခုလုံးအတွက် သောက်သုံးရေ ရရှိနိုင်ဖို့ ရေပိုက်တွေကို ယခင်နှစ်ကတည်းက ကိုယ်ထူကိုယ်ထ ပြုလုပ်ခဲ့ပေမယ့် ငွေကြေးအခက်အခဲကြောင့် အိမ်ခြေ ၄၀ ကျော်အတွက် ရေပိုက်သွယ်ယူဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။
လိုအပ်နေတဲ့ ၃ လက်မ ရေပိုက် ပေ ၆၀၀ ၊ မိုးကာ ၂၄ ပေ နှစ်ထည်ကို ခန့်မှန်း ကုန်ကျငွေ ကျပ် ၄ သိန်းအထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။
မိုးတွင်းကာလရောက်လာပြီဖြစ်ပေမဲ့ လက်ရှိ ကြေးတုံစစ်ဘေးရှောင်စခန်းဟာ မိုးရေကို ခံယူသုံးစွဲဖို့ မိုးကာမရှိသလို၊ နေအိမ်အများစုက သက်ကယ်မိုးအိမ်တွေအများစုဖြစ်တာကြောင့် မိုးရေခံသုံးစွဲလို့လည်းမရကြပါဘူး။
ကြေးတုံစစ်ရှောင်စခန်းမှာတော့ လီဝိုးကျေးရွာဒေသခံလူထုတွေ အများဆုံးနေထိုင်ကြပြီး အိမ်ခြေ ၂၀၀ ကျော်ရှိကာ လူဦးရေ ၂၀၀၀ ကျော်အထိ ရှိနေပါတယ်။






