spot_img
13.2 C
Loikaw
Wednesday 21, January 2026
spot_img
Homeကန္တာရဝတီတိုင်း(မ်)စနစ်မကျသည့် ဒီးမော့ဆိုမြို့ကို စနစ်ကျရန် ဆောင်ရွက်မည်

စနစ်မကျသည့် ဒီးမော့ဆိုမြို့ကို စနစ်ကျရန် ဆောင်ရွက်မည်

-

စူးမယ်

ဒီးမော့ဆိုမြို့သည် မြို့ အင်္ဂါရပ်နှင့် ညီသော်လည်း စနစ်ကျမှု မရှိသောကြောင့် ပုံစံတကျဖြစ်ရန် ဆောင်ရွက်သွားမည်ဟု ဒီးမော့ဆိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်းက ပြောသည်။

“ကျနော်တို့အခု ခြေတော်ယာသွားတဲ့ တစ်ဝိုက်မှာ အဆင်ပြေသလိုလေး သူ့အကွက် သူ့နေရာပေါ့ အဲလိုလေး သူတို့ အိမ်တွေ ခြံခတ်တာလေးတွေ ရှိတယ်”ဟု ဦးကျော်သက်ဝင်းက ပြောသည်။

ဆက်လက်ပြီး မြို့ပြများကဲ့သို့ ပန်းခြံများ၊ ကလေးကစားကွင်းနှင့် တခြား အပန်းဖြေစခန်း စသော နေရာများ လိုအပ်နေသည်ဟုဆိုပါသည်။

ဒီးမော့ဆိုမြို့ကို မြို့ပြအင်္ဂါအရပ်နှင့် အညီ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အိမ်ရာကွက်သစ်များ ဖော်ထုတ်ပေးနိုင်ရေး ( City Plan, Town Plan ) စနစ်တကျ ရေးဆွဲ အကောင်အထည် ဖော်ဆောင်ပေးရန် ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် (၃) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဘော်ရယ် စိုးဝေက ဩဂုတ်လ ၁ဝ ရက်နေ့ အမျိုးသား လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့သည်ဟု သိရသည်။

ဦးဘော်ရယ်စိုးဝေက “ကျနော်တို့ ဒီးမော့ဆိုမြို့လည်း အားလုံးသိတဲ့အတိုင်းပဲ။ မြို့က မြို့နဲ့မတူဘူး။ အဲဒါကို ကျနော်က (City Plan, Town Plan) ရေးဆွဲချင်တယ်။ နှစ်ရှည် (Master Plan) စီမံကိန်းပေါ့လေ။ အဲဒါကို ရေးဆွဲချင်တော့ ကျနော် အဲဒါကို တရားဝင် မေးခွန်းမေးလိုက်တော့ အဲဒါတော့ အောင်သွားတယ်”ဟု ဆိုသည်။

၂၀၁ရခုနှစ်တွင် ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းပြီးမြို့အင်္ဂါရပ်အဆင့်မြင့်စီမံကိန်းရေးဆွဲသွားမည်ဟု ဆိုပါသည်။

ဒီးမော့ဆိုမြို့အား ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၁၉၇၂ခုနှစ် ဇူလိုင်လ ၂ရ ရက်နေ့ ရက်စွဲပါ အမိန့် ကြော်ငြာစာ အရ မြို့မ၊ ရွှေယောက်၊ ရူးဖယ်ခူ၊ ငူးပလော့ ရက်ကွက် ၄ ခုဖြင့် ဖွဲ့စည်းထားပြီး ၁၉၇၂ ခုနှစ် မြို့/ရွာ အမိန့်ပြန်တမ်းအရ ဒီးမော့ဆိုမြို့နှင့်အတူ ဒေါတမငယ်ကျေးရွာ၊ ထွီးလီဘီလာကျေးရွာများကိုလည်း ကျေးရွာအဖြစ် သတ်မှတ်ခဲ့သည်။

စည်ပင်သာယာရေး ရပ်ကွက်သည် မူလမြို့ပြမြေတွင် ပါဝင်၍ ၁၉၈၃ ခုနှစ်တွင် မြို့မ ရပ်ကွက်မှ ခွဲထွက်လာသည့် ရပ်ကွက်တစ်ခုဖြစ်ပြီး မြို့နယ်နိမိတ်နှင့် တစ်ဆက်တစ်စပ်တည်းတည်ရှိပြီး တိုးချဲ့လာသော ရပ်ကွက်များမှာ သီတာရပ်ကွက် ၁၊၂၊၃၊ ဒေါသမငယ်ရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ ထွီးလီဘီလာကျေးရွာတို့ ဖြစ်သည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ