Homeသတင်းဩဂုတ်လပထမပတ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အနည်းဆုံး ၅ဦးသေဆုံး

ဩဂုတ်လပထမပတ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အနည်းဆုံး ၅ဦးသေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ဩဂုတ်လ ပထမပတ်အတွင်း ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်မှ အနည်းဆုံး ၅ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးဌာနက ဒီကနေ့ (ဩဂုတ်လ ၈ရက်) မှာ သတင်းထုတ်ပြန်ပါတယ်။

ပထမပတ်အတွင်း ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာအနီး၊ ဒီးမော့ဆိုမြို့မရဲစခန်း၊ စံပြ ၆ မိုင်၊ ဘက်တလိန်ကျေးရွာ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ ကရင်နီတပ်မတော်(KA)၊ KNDF တပ်ရင်း၊ DMO PDF ပူးပေါင်းတပ်နဲ့ စစ်ကြောင်းထိုးလုပ်ရှားနေတဲ့ ဒီးမော့ဆိုမြို့ ငွေတောင်အခြေစိုက် ခမရ (၄၂၇) တပ်နဲ့ အခြားစစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်မှ တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ ၎င်းတို့တပ်ဖွဲ့ဝင်တွေကိုဘက်တလိန်ကျေးရွာအတွင်းရှိ နေအိမ် (၁) လုံးအတွင်း ထည့်ကာမီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဩဂုတ်လ ၁ ရက်နေ့မှာလည်း ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စု၊ ပင်ပုံ၊ လွယ်ဝှဲကျေးရွာအနီးရှိ တောင်ပေါ်မှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီတပ်မတော်(KA)၊ KNDF B03၊ B11, SSRY ပူးပေါင်းတပ်ဖွဲ့မှ ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ (၂) ဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဘောလခဲမြို့နယ် မက်စလောင်းတောင်ပေါ်ရှိ စစ်ကောင်စီ၏ တပ်စခန်းအား ကရင်နီတပ်မတော် (KA) နှင့် KNDF B16 တို့မှ သြဂုတ်လ (၂) ရက်နေ့မှာ ပျောက်ကြားတိုက်ခိုက်ခဲ့ပါသေးတယ်။ အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ KNDF ကထုတ်ပြန်ထားပါတယ်။

တိုက်ပွဲနေ့စဉ်ရက်ဆက်ဖြစ်ပွားနေတဲ့ ဒီးမော့ဆို၊ ဖရူဆိုမြို့အပြင် လွိုင်ကော်မြို့တွင်း ခမရ (၂၆၁) တပ်စခန်းရဲ့ ကင်းစခန်းနဲ့ (၃)မိုင်လွယ်တမူကျေးရွာအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် (၄)ဦးကို KNDF B-12 က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်မှ ဇူလိုင်လ လကုန်ပိုင်းမှစပြီး ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းနှစ်ကြောင်းအသုံးပြုပြီး ထိုးစစ်ဆင်လျက်ရှိနေသလို သာလွန်တဲ့လက်နက်ကြီးတွေနဲ့ ဒီးမော့ဆို၊ ဖရူဆိုမြို့အနီးက ကျေးရွာတွေထဲ ပစ်ခတ်တိုက်ခိုက်လျက်ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ