spot_img
Homeသတင်းဒီးမော့ဆိုအနောက်ခြမ်းမှာ ဓာတ်ဆီဈေး မြင့်တက်၊ ဆိုင်ငယ်တချို့ ပိတ်ထားရ

ဒီးမော့ဆိုအနောက်ခြမ်းမှာ ဓာတ်ဆီဈေး မြင့်တက်၊ ဆိုင်ငယ်တချို့ ပိတ်ထားရ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ဓာတ်ဆီဈေးနှုန်း ထပ်မံမြင့်တက်နေပြီး ဆီဝယ်ယူရရှိမှု အခက်အခဲကြောင့် ဆိုင်ငယ်တချို့လည်း ပိတ်ထားရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးပတ်ကစလို့ ဓာတ်ဆီတလီတာကို ၇,၅၀၀ ကျပ်ကနေ ၈,၀၀၀ ကျပ်၊ ၈,၅၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်လာခဲ့ပြီး လက်ရှိမှာတော့ ၉,၀၀၀ ကျပ်အထိ ရှိလာပါတယ်။

ကရင်နီပြည်ပြင်ပ မြို့နယ်တွေကနေ စက်သုံးဆီဝယ်ယူ၊ တင်သွင်းနေရတဲ့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ ဆီဝယ်ယူရတာ ပိုမိုခက်ခဲလာသလို ဆီကားတွေလည်း ပုံမှန်ဝင်ရောက်မှုမရှိဘူးလို့ ဓာတ်ဆီရောင်းချသူတွေက ပြောပါတယ်။

” နည်းနည်းလေး ဝယ်ရခက်တယ်ပြောတယ်။ ကျမတို့ဆိုင်ကလည်း သွားတာ တပတ်လောက်ရှိပြီ ဝယ်မရသေးဘူး။ ဆီသွားဝယ်တာ မရလို့ ဆန်ပဲတင်ပြီး ပြန်လာရတယ်။ လေးရက်၊ ငါးရက်လောက်ရှိပြီ ဆီကားတွေ မဝင်တာ” လို့ ဓာတ်ဆီရောင်းချသူ အမျိုးသမီးတဦးက ပြောပါတယ်။

ဓာတ်ဆီဈေးနှုန်း အပြောင်းအလဲကြောင့် နေ့စဉ်သွားလာနေရသူတွေအတွက် သွားလာရေးစရိတ် ပိုမိုကုန်ကျလာတယ်လို့လည်း ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“အဲ့လိုဆီဈေးတက်တော့ ကျနော်တို့လို ရက်တိုင်းသွားလာရတဲ့သူတွေဆို အခက်အခဲဖြစ်တယ်။ ဆီဈေးက မနက်ဆိုရင် တမျိုး၊ ညနေဆို ထပ်တက်တယ်။ တစ်ရက်ဆို ၅၀၀၊ ၁,၀၀၀ နှုန်းတက်နေတော့ သွားရလာရ အဆင်မပြေဘူးပေါ့နော။ အပြင်ထွက်တာနဲ့ကို ဆီက တစ်လီတာဆို ၉,၀၀၀ လောက် ကုန်သွားတာပေါ့။ ခရီးဝေးရင် ဝေးသလိုပေါ့” လို့ အမျိုးသားတဦးက ပြောပါတယ်။

ဓာတ်ဆီဆိုင်ငယ်တွေက ဆိုင်ကြီးတွေထံကနေတဆင့် ဝယ်ယူရောင်းချနေရပြီး ဆီရရှိမှု အခက်အခဲကြောင့် ဆိုင်တချို့မှာ ရောင်းချမှုရပ်နားထားရတယ်လို့ ဆိုပါတယ်၊

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ ယခင်ကလည်း ဆီဝယ်ယူရရှိမှုနဲ့ သယ်ယူပို့ဆောင်ရေးအခက်အခဲတွေကြောင့် ဓာတ်ဆီပြတ်လပ်တာ၊ ဈေးနှုန်းရုတ်တရက်မြင့်တက်တာနဲ့ ဆိုင်တွေ ယာယီပိတ်ထားရတာမျိုး မကြာခဏ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ