ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဖရူဆိုအရှေ့ဘက်ခြမ်း (ကေးလျားမြို့နယ်) အတွင်းက ကျေးရွာတရွာအနီးမှာ နွားကျောင်းနေတဲ့ ဒေသခံအမျိုးသား ၂ ဦးကို အာဏာသိမ်းစစ်တပ်က လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် တဦးရဲ့ ညာဘက်လက်မောင်းမှာ ကျည်ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်မှုဟာ ယမန်နေ့ နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိသူဟာ လောခုခူကျေးရွာက အသက် ၁၆ နှစ်အရွယ် အမျိုးသားဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ တပ်သားတွေ ကျေးရွာအနီးကို ရောက်ရှိလာပြီး သေနတ်နဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာလို့ ဖြစ်စဉ်သိရှိသူ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
“နွားကျောင်းနေကြတာ ရွာနားလေးဘက်မှာ စစ်သားတွေက ထွက်လာတော့၊ အဲဒါ သေနတ်သံ ဆက်တိုက်ပဲ၊ ပစ်ခံရတော့ တစ်ယောက်တော့ လက်မောင်းထိသွားတာပေါ့” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ဖရူဆိုမြို့မှာ အခြေစိုက်တဲ့ အမှတ် (၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းကနေ ကျေးရွာတွေဘက်ကို ဦးတည်ပြီး အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေဟာ နေ့စဉ်သွားလာလှုပ်ရှားပြီး အလုပ်လုပ်ကိုင်နေကြတဲ့အချိန်မှာ အခုလို စစ်ကြောင်းထိုးပြီးပစ်ခတ်မှုတွေ ရှိနေတာကြောင့် စိုးရိမ်ပူပန်နေကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့မှာလည်း အဲဒီကျေးရွာအနီးတဝိုက်က ကျေးရွာ ၂ ရွာကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားပြီး ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတွေနဲ့ စစ်ဘေးရှောင်စခန်းတွေရှိရာဘက်ကိုလည်း လက်နက်ကြီး၊ ဒရုန်းတွေနဲ့ မကြာခဏ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။







