spot_img
23 C
Loikaw
Thursday 2, October 2025
spot_img
Homeသတင်းမယ်စဲ့မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီက နယ်စပ်ဖြတ်ကျော်ခွင့်အတွက် ထောက်ခံစာထုတ်ပေးမည်

မယ်စဲ့မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီက နယ်စပ်ဖြတ်ကျော်ခွင့်အတွက် ထောက်ခံစာထုတ်ပေးမည်

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်တွင်း၊ မြို့နယ်အသီးသီးကနေ ခရီးသွားလာတဲ့ လူထုတွေက မယ်စဲ့မြို့နယ်ကို ဖြတ်သန်းဖို့အတွက် နယ်စပ်ဖြတ်ကျော်ခွင့် ထောက်ခံစာ ထုတ်ပေးမယ်လို့ မယ်စဲ့မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေး ကော်မတီက စက်တင်ဘာလ ၈ ရက်နေ့မှာ အသိပေးထားပါတယ်။

မယ်စဲ့မြို့နယ်ဟာ ထိုင်းနိုင်ငံနဲ့ နယ်နမိတ်ထိစပ်နေတဲ့ ဒေသဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ၊ ကျန်းမာရေး၊ ပညာရေး ၊ လူမှုရေး၊ စီးပွားနဲ့ ကုန်သွယ်ရေး စတဲ့ကဏ္ဍအသီးသီးမှာ ထိုင်းနိုင်ငံအပေါ် မှီခိုအားထားဆက်ဆံနေတဲ့ အခြေအနေမှာ ရှိနေတာပါ။

မယ်စဲ့မြို့နယ်အတွင်းကနေ တရားမဝင်လမ်းကြောင်း အသုံးပြုပြီး တစ်ဖက်နိုင်ငံအတွင်း တရားမဝင် ဝင်၊ ထွက် ဖြတ်သန်းသွားလာမှု များပြားလာတာကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုး ဖြစ်နိုင်တဲ့အတွက် ထိုင်း-ကရင်နီ နယ်စပ်ကို တရားမဝင်ဖြတ်ကျော်တာတွေကို တားဆီးလျော့ချဖို့ အခုလို ထောက်ခံစာကို ပြုလုပ်ပေးရခြင်းဖြစ်တယ်လို့ မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က ပြောပါတယ်။

“ကျ‌နော်တို့ မြို့နယ်အတွင်းမှာရှိတဲ့ နယ်စပ် လုံခြုံရေးဂိတ်တွေကိုဖြတ်သွားတဲ့အချိန် ကျနော်တို့က မည်သူမည်ဝါဖြစ်တယ်။ ဘယ်ကဖြစ်တယ်။ ဘာအကြောင်းနဲ့သွားတယ်ဆိုတဲ့ဟာမျိုးကို စိစစ်တဲ့အထောက်အထားတစ်ခုဖြစ်တယ်။ သက်ဆိုင်ရာစစ်ဆေးရေး ဂိတ်တွေကလည်း ကျနော်တို့ ပေးဖြတ်မယ့် သဘောတရားဖြစ်တယ်။ ဒါပေမဲ့ ထိုင်းဖက်ကို သွားဖို့က ကိုယ့်အစီအစဥ်နဲ့ကိုယ်ပဲဖြစ်တယ်ပေါ့နော်။ ကျနော်တို့က တာဝန်ချထားတဲ့ နယ်စပ်ဂိတ်တွေဖြတ်သွားဖို့အတွက် ဒီထောက်ခံစာက အကျုံးဝင်မှာပေါ့နော” လို့ အဆိုပါ သတင်းအရင်းမြစ်က ပြောပါတယ်။

အဲ့ဒီထောက်ခံစာက မယ်စဲ့မြို့နယ် ဖြတ်သန်းသွားလာခွင့်သာဖြစ်ပြီး ထိုင်းနယ်စပ် ဖြတ်ကျော်ရေး လက်မှတ်မဟုတ်ကြောင်းကိုလည်း ပူးပေါင်းအုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က ဆက်ပြောပါတယ်။

လူထုအနေနဲ့ တစ်ဖက်ထိုင်းနိုင်ငံကို ခရီးသွားလိုပါက တရားဝင်လုံခြုံရေးဂိတ်ထားရှိတဲ့ လမ်းကြောင်းကနေ သွားဖို့ နဲ့ အဆိုပါသွားလာမှုအတွက် ခရီးသွားပြည်သူတွေက မိမိနေထိုင်ရာဒေသမှာ သက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူတွေရဲ့ ထောက်ခံစာကိုယူရမှာဖြစ်ပြီး မယ်စဲ့မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေး‌ကော်မတီက စိစစ်ကာ ထပ်ဆင့်တောက်ခံချက် ပြုလုပ်ပေးသွားမယ်လို့ ဆိုပါတယ်။

ဌာနဆိုင်ရာ၊ တပ်ရင်းတပ်ဖွဲ့အသီးသီးက တာဝန်နဲ့ ခရီးသွားလာခြင်းဖြစ်ပါက သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းရဲ့ ထောက်ခံချက် ပူးတွဲတင်ပြဖို့ နဲ့ အရေးကြီးပုဂ္ဂိုလ် ခရီးစဉ်ရှိပါက ၂ ရက် ကြိုတင်အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ