ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာရှိတဲ့ “ ထျေးကေးလျား” စစ်ရှောင်စခန်းက စစ်ရှောင်တွေဟာ အရေပြား ယားနာမှုတွေ အဖြစ်များနေကြဆဲ လို့ စစ်ရှောင်စခန်းက သားဖွား ဆရာမ တစ်ဦးဆီကနေ သိရပါတယ်။
“ အခု ယားနာဖြစ်တဲ့သူတွေတော့ အယောက် ၅၀ နဲ့ အထက်မှာရှိတယ်။ တချို့ပျောက်တဲ့သူလဲရှိတယ်။
အနာပြည်ဖုရှိတဲ့သူတွေလည်း ကျန်နေသေးတယ်။လုံးဝ ပျောက်သွားတာမရှိဘဲ အမြစ်လည်း မပြတ်ဘူးပေါ့နော်။”လို့ သားဖွား ဆရာမ တစ်ဦးက ဆိုပါတယ်။
စစ်ရှောင်စခန်းမှာ ဆေးပေးခန်းရှိပေမယ့် အရေပြားယားနာမှုအတွက် လိုအပ်တဲ့ဆေးဝါး လုံလောက်မှု မရှိဘူးလို့ ပြောပါတယ်။
စစ်ဘေးရှောင်တွေ အခုလို အရေပြားယားနာဖြစ်ကြတာဟာ သုံးစွဲတဲ့ ရေ နဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းတာကြောင့် ဖြစ်နိုင်တယ်လို့ အဆိုပါ သားဖွားဆရာမတစ်ဦးက အခုလိုဆက်ပြောပါတယ်။
“စစ်ရှောင်တွေက ချောင်းရေနဲ့သုံးရတော့လေ ချောင်းရေဆိုလည်း တောင်အောက်မှာ သွားခပ်ယူရတော့ တစ်ကိုယ်ရည် သန့်ရှင်းရေသိပ်မလုပ်နိုင်ဘူးထင်တယ်။ ရေရှားတာလဲပါမှာပေါ့။ တဲအိမ်လေးတွေနဲ့ဆိုတော့ သန့်ရှင်းရေးပိုင်းလဲအားနည်းတာပါမယ်။ “လို့ သူက ဆိုပါတယ်။
အရေပြားယားနာမှုတွေဖြစ်ပွားနေတဲ့ စစ်ရှောင်တွေဟာ ဆေးပေးခန်းမှာ ရှိတဲ့ သောက်ဆေး၊ လိမ်းဆေးတွေ သုံးစွဲနေပေမယ့် တခြားလိုအပ်တဲ့ ဆေးဝါးကို အပြင် ဆေးဆိုင်တွေမှာ ဝယ်ယူသုံးစွဲနေရပါတယ်။
စစ်ရှောင်စခန်းကို မိုဘိုင်း ကွင်းဆင်း ဆေးကုသပေးခဲ့စဥ် မြင်တွေ့ခဲ့တဲ့ ဆရာမတစ်ဦးကလည်း ဆယ်ကျော်သက် မိန်းကလေးတွေမှာ အရေပြားယားနာမှု အဖြစ်များကြောင်းကိုလည်း အခုလိုပြောပါတယ်။
“မိုဘိုင်းထွက်တဲ့ အခြေအနေမှာ ကလေး၊လူငယ်၊လူကြီး အများဆုံးဖြစ်တယ်ပေါ့နော်။ အဲ့ထဲမှာမှ ဆယ်ကျော်သက် မိန်းကလေးတွေ ပေါ့နော် သူတို့လက်တွေမှာ ခြေထောက်တွေမှာ အနာဖြစ်တာ လုံးဝအနာခြောက်ဖြစ်သွားတာ ဆယ်ကျော်သက် မိန်းကလေးတွေပိုများတယ်။”လို့ အဆိုပါ ဆရာမတစ်ဦးက ဆိုပါတယ်။
အခုဖြစ်ပွားနေတဲ့ အရေပြားယားနာကို ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ကြုံတွေ့နေကြပြီး လုံးဝပျောက်ကင်းတာမျိုး မရှိသေးပါဘူး။
အဆိုပါ “ထျေးကေးလျား” စစ်ရှောင်စခန်းမှာ ရှမ်းပြည်တောင်ပိုင်းက မိုင်းဖြတ်၊ ဆောင်လန် ၊ကွမ်လုံ၊ကယားညေးခူ ၊ဒေါပေါ်ကလဲရွာကြီး ရွာငယ် ၊နိုးကိုး နဲ့ ထေးငှားလျား စတဲ့ ကျေးရွာက လူထုတွေ လာရောက်တိမ်းရှောင်ကြပါတယ်။ စစ်ရှောင်အဝင်အထွက် ရှိနေဆဲ ဖြစ်တာကြောင့် လက်ရှိမှာတော့ စစ်ရှောင်ဦးရေ စာရင်း မသိရသေးဘူးလို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။