ကန္တာရဝတီတိုင်း(မ်)
မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကော်မရှင် အုပ်စုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ၂၀၂၅ ခုနှစ် ၉ လအတွင်း အရပ်သားသေဆုံးသူ ၈၉၀ ဦးရှိခဲ့တယ်လို့ ဒီကနေ့ အောက်တိုဘာလ ၁ ရက်နေ့မှာ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ပါတယ်။
သေဆုံးခဲ့တဲ့ ပြည်သူတွေဟာ စစ်ကော်မရှင် အုပ်စုတွေရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
အလားတူ ကရင်နီပြည် နဲ့ ကယန်းဒေသမှာလည်း ၂၀၂၅ ခုနှစ် ၉ လအတွင်း အရပ်သား သေဆုံးခဲ့သူ ၁၁၀ ဦးရှိခဲ့တယ်လို့ လည်း ဒီကနေ့ အောက်တိုဘာလ ၁ ရက်နေ့မှာ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF) က ထုတ်ပြန်ထားတာရှိပါတယ်။
အဆိုပါ စာရင်းဟာ ယခုနှစ် ၂၀၂၅ ခုနှစ်က ဇန်နဝါရီလကနေ စက်တင်ဘာလ လကုန်အထိ စာရင်းတွေဖြစ်ပါတယ်။
ဒါ့အပြင် ၉ လအတွင်း ကရင်နီပြည်နယ် နဲ့ ကယန်းဒေသမှာ စစ်ကော်မရှင် အုပ်စုကနေ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၃၂၈)ကြိမ် ရှိခဲ့တယ်လို့ PKPF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့မှာလည်း စစ်ကော်မရှင်တပ်ကနေ ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ဒီးမော့ဆိုမြို့နယ်အတွင်း တနေရာကို ကျရောက်ပေါက်ကွဲခဲ့ကာ လင်မယား ၂ ဦးနဲ့ အဖွား တစ်ဦး စုစုပေါင်း အရပ်သား ၃ ဦး ထိခိုက်သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။